Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွား

မီးငြိှမ်းသတ်ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၇:၃၀ နာရီ အချိန် ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၂၄/၁-၂)ကြား၌ ဟင်္သာတဘက်မှ မန္တလေးဘက်သို့ ထက်အောင်ကျော် (၃၅)နှစ်မောင်းနှင်ပြီး ခရီးသည် ၂၀ ဦးခန့်လိုက်ပါလာသော ဟင်္သာတ-မန္တလေးပြေးဆွဲသည့် 4J/×××× “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်သည် အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ အင်ဂျင်ပေါ်သို့ကျ၍ ရုတ်တရက်မီးလောင်ကျွမ်းခဲ့ပြီး ၁၇:၅၀ နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။ 

အဆိုပါယာဉ်မီးလောင်မှုကြောင့် မော်တော်ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ခရီးသည်များ ထိခိုက်မှုမရှိခဲ့ပါကြောင်းနှင့် ၁၉:၃၀နာရီ  အချိန်တွင် ထက်အောင်ကျော်အား ကျောင်းစုနယ်မြေ ရဲစခန်း၊ (ပ)၁၀၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။  (Xinhua)