Myanmar
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းဖြင့် မြန်မာနိုင်ငံအတွက် ၆ ခုမြောက်ရွှေတံဆိပ်ဆွတ်ခူး
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ဗိုဗီနမ်အားကစားနည်းဖြင့် မြန်မာနိုင်ငံအတွက် ၆ ခုမြောက်ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၁၈ ရက်တွင်ပြောကြားသည်။
ဦးဌေးအောင် က “၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်အနေနဲ့ ရွှေတံဆိပ် ၁၂ ခု အထိရရှိဖို့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ မျှော်မှန်းပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ အခုကတော့ ရွှေတံဆိပ်ဆု ၆ ခုရရှိခဲ့ပါပြီ’’ ဟုပြောသည်။
ယနေ့ မေ ၁၈ ရက်တွင် ကျင်းပသော(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်အားကစားနည်း (အမျိုးသမီး)နှစ်ယောက်တွဲ လက်နက်မဲ့ အပြပြိုင်ပွဲ၌ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဌမမြောက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ၂၀၂၂ ခုနှစ် မေ ၁၂ ရက် မှ ၂၃ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)