Connect with us

Myanmar

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၅၆.၂ သန်းရှိကြောင်းထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က ကောက်ယူနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၌ အမျိုးသား ၂၆.၈ သန်း၊ အမျိုးသမီး ၂၉.၄ သန်း စုစုပေါင်း လူဦးရေ ၅၆.၂ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က “၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပါတယ်။ လူဦးရေစာရင်းနဲ့ပတ်သက်ပြီး www.dop.gov.mm မှာလည်း real time population ကို ကျွန်တော်တို့လွှင့်တင်ထားတာရှိပါတယ်။ ၂၀၂၃ ခုနှစ် လူဦးရေကတော့ ၂၀၁၄ ခုနှစ်ကထက် ပိုတိုးလာပါတယ်။ အခုအချိန်မှာ ၂၀၂၄ ခုနှစ်မှာ ကောက်မယ့် သန်းခေါင်စာရင်းအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ကောက်ယူနေပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခန့်မှန်းလူဦးရေစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား ၄.၂ သန်း၊ အမျိုးသမီး ၄.၈ သန်း နှင့် စုစုပေါင်းလူဦးရေ ၉.၀ သန်းရှိပြီး လူဦးရေအများဆုံးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လူဦးရေ ၆.၈ သန်းစီရှိပြီး ဒုတိယ လူဦးရေ အများဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၃.၂ သန်း၊ အမျိုးသမီး ၃.၆ သန်း ရှိပြီး၊ ရှမ်းပြည်နယ်တွင် အမျိုးသား ၃.၄ သန်း၊ အမျိုးသမီး ၃.၄ သန်း ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား ၃.၀ သန်း၊ အမျိုးသမီး ၃.၂ သန်း နှင့် စုစုပေါင်းလူဦးရေ ၆.၂ သန်းရှိပြီး လူဦးရေ တတိယအများဆုံးတိုင်းဒေသကြီးဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

ကချင်ပြည်နယ်တွင် အမျိုးသား ၁.၀ သန်း၊ အမျိုးသမီး ၁.၀ သန်း နှင့် စုစုပေါင်းလူဦးရေ ၂.၀ သန်း၊ ကယားပြည်နယ်တွင် အမျိုးသား ၀.၂ သန်း၊ အမျိုးသမီး ၀.၂ သန်း နှင့် စုစုပေါင်းလူဦးရေ ၀.၄ သန်း၊ ကရင်ပြည်နယ်တွင် အမျိုးသား ၀.၈ သန်း၊ အမျိုးသမီး ၀.၈ သန်း နှင့် စုစုပေါင်းလူဦးရေ ၁.၆ သန်း၊ ချင်းပြည်နယ်တွင် အမျိုးသား ၀.၂ သန်း၊ အမျိုးသမီး ၀.၃ သန်း နှင့် စုစုပေါင်းလူဦးရေ ၀.၅ သန်း၊ စစ်ကိုင်းတိုင်းဒေကြီးတွင် အမျိုးသား ၂.၇ သန်း၊ အမျိုးသမီး ၃.၀ သန်း နှင့် စုစုပေါင်းလူဦးရေ ၅.၇ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသား ၀.၈ သန်း၊ အမျိုးသမီး ၀.၈ သန်း နှင့် စုစုပေါင်းလူဦးရေ ၁.၆ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား ၂.၃ သန်း၊ အမျိုးသမီး ၂.၇ သန်း နှင့် စုစုပေါင်းလူဦးရေ ၅.၀ သန်း၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသား ၁.၈ သန်း၊ အမျိုးသမီး ၂.၁ သန်း နှင့် စုစုပေါင်းလူဦးရေ ၃.၉ သန်း၊ မွန်ပြည်နယ်တွင် အမျိုးသား ၀.၉ သန်း၊ အမျိုးသမီး ၁.၀ သန်း နှင့် စုစုပေါင်းလူဦးရေ ၁.၉ သန်း၊ ရခိုင်ပြည်နယ်တွင် အမျိုးသား ၁.၆ သန်း၊ အမျိုးသမီး ၁.၈ သန်း နှင့် စုစုပေါင်းလူဦးရေ ၃.၄ သန်း နှင့် နေပြည်တော်ကောင်စီတွင် အမျိုးသား ၀.၇ သန်း၊ အမျိုးသမီး ၀.၇ သန်း နှင့် စုစုပေါင်းလူဦးရေ ၁.၄ သန်း ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)