Environment, Disasters & Accidents
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူ ၄ ဦးကို ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ အောက်တိုဘာ ၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ဖမ်းဆီးရမိသူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃ ရက်၊ ၁၅:၀၀ နာရီတွင် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်တွင် လမ်းလျှောက်လာသူ တစ်ဦးအားစစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူအား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ အောက်တိုဘာ ၃ ရက်၊ ၁၁:၅၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မှော်ဘီမြို့နယ်တွင် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးအား မှော်ဘီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင်ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက်၊ ၁၂:၃၀ နာရီက သတင်းအရ သက်သေ များနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် လူတစ်ဦး လာရောက်ပို့ဆောင်သည့် ပါဆယ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၁.၅၈ ကီလိုဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၇၃၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၁၃:၀၀ နာရီတွင် အဆိုပါ ဖမ်းဆီးရမိသူနေထိုင်သည့် တာချီလိတ်မြို့ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၁၇၇ ကီလိုဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၃၉၄.၇ သိန်း) အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)