Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် YBSယာဉ်နှင့် အိမ်စီးကားတစ်စီးဝင်တိုက် မှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ အခြားသူ ၅ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီ ဝန်းကျင်တွင် YBS ယာဉ်နှင့် အိမ်စီးကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ- ရှင်သန်ရေးကူညီမှုအသင်း)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံနှင့် တောင်မြောက်လမ်းဆုံကြားတွင် အောက်တိုဘာ ၄ ရက် နံနက်အစောပိုင်းက YBS ယာဉ် နှင့် အိမ်စီးကားတိုက်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ အခြားသူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးထွန်းထွန်းဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၄ ရက် တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီ ဝန်းကျင်တွင် YBS ယာဉ်နှင့် အိမ်စီးကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ- ရှင်သန်ရေးကူညီမှုအသင်း)

ဦးထွန်းထွန်းဦးက “ယာဉ်မတော်တဆမှုဖြစ်ပွားတာက မနက် ၂ နာရီဝန်းကျင်လောက်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော်တို့အဖွဲ့ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်တာက မနက် ၂ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ ရောက်ပါတယ်။ အိမ်စီးကားပေါ်မှာ လူ၈ ဦးပါပါတယ်။ အဲဒီထဲက တစ်ဦးကတော့ အကောင်းပကတိအတိုင်းနီးပါးအတိုင်းပေါ့။ ၇ ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်။ ၇ ဦးထဲက ယာဉ်မောင်းတစ်ဦးကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ကားထဲမှာညပ်ပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဆေးရုံမှာထပ်ပြီးဆုံးသွားခဲ့ပါတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို နွေးထွေးကူညီမှုအသင်း၊ မီးအိမ်ရှင်ကူညီရေးအသင်း၊ ဝန်းရံမှူးကူညီရေးအသင်း၊ (YRO ဒဂုံခရိုင်မှူး ရိုးမ(၃)ဦးစီး)၊ ရှင်သန်ရေးကူညီမှုအသင်း တို့မှ လူနာတင် ယာဉ်(၆)စီးဖြင့် မြောက်ဥက္ကလာပအထွေထွေရောဂါကု ဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

“ကားအသေးက ကွေ့မယ့်ကား၊ YBS ကတော့ တည့်သွားမယ့်ကား အကွေ့မှာ တိုက်မိတယ်လို့ထင်ရပါတယ်။ YBS မှာ ယာဉ်မောင်းတစ်ဦးပဲပါပါတယ်။ YBS ယာဉ်မောင်းကတော့ မတွေ့ရဘူး။ ကားပဲကျန်ခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ အကြောင်းရှိလို့ ကားမောင်းမယ်ဆိုရင်လည်း လမ်းဆုံလမ်းခွတွေမှာ ဘေးဘီကိုကြည့်ပြီး မောင်းစေချင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)