Connect with us

Myanmar

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဖြစ် မကွေးတိုင်းဒေသကြီးက အသက်(၁၂၃)နှစ်ရှိပြီဖြစ်သည့် အဘွားဒေါ်ချောယဉ်ကို ရွေးချယ်

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဘွား ဒေါ်ချောယဉ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးမှာ အသက်အကြီးဆုံးအဖြစ် မကွေးတိုင်းဒေသကြီး ၊မကွေးမြို့ ၊မင်းကံကြီးရပ်ကွက် မှ အသက်(၁၂၃)နှစ်ရှိသော အဘွားဒေါ်ချောယဉ်ကို ရွေးချယ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသစ္စာက ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၅ ရက်တွင်ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဘွား ဒေါ်ချောယဉ်ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး)

ဦးသစ္စာက “ရွေးချယ်တာကတော့ ကျွန်တော်တို့ဌာနမှ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အသက် ၈၅ နှစ်အထက် အဘိုးအဘွားတွေက လာလျှောက်ကြတာရှိပါတယ်။ အဲဒီလိုလျှောက်တဲ့ ဘိုးဘွားတွေကို ကျွန်တော်တို့ဝန်ကြီးဌာနက တစ်လ ၁၀,၀၀၀ ကျပ်နဲ့ (၃ လစာ)၃၀,၀၀၀ ထောက်ပံ့ပါတယ်။ အဲဒီလိုကျွန်တော်တို့ လူမှုရေးပင်စင်ကိုလျှောက်ထားသူတွေထဲက ပြန်လည်စိစစ်တဲ့အခါ အဘွားဒေါ်ချောယဉ်ရဲ့ အသက်က အကြီးဆုံးဖြစ်နေတယ်။ အဘွားအသက်ကို နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ အထောက်အထားတွေကို ပြန်စိစစ်တဲ့အခါမှာလည်း အထောက်အထားတွေအရ အသက်အကြီးဆုံးအဘွားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာပါ” ဟုပြောသည်။
ထိုသို့ရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက်အကြီးဆုံး အဘိုး၊ အဘွားများစာရင်းကို တင်ပြရပြီး ထိုအထဲကမှ အသက်အကြီးဆုံး အဘိုးအဘွားကို ပြန်လည်စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဘွားဒေါ်ချောယဉ်မှာ မကွေးတိုင်းဒေသကြီး ဖန်ခါးမြေ ဘိုးဘွာရိပ်သာဓမ္မာရုံတွင် အောက်တိုဘာ ၁ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုနေ့ အခမ်းအနား၌ တက်ရောက် ကန်တော့ခံခဲ့ပြီး ယင်းအခမ်းအနားတွင် အဘွားကို တစ်နိုင်ငံလုံး၌ အသက်အကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဘွားကကျန်းမာရေးက ကောင်းမွန်ပါတယ်။ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုနေ့ အခမ်းအနားကို တက်နိုင်ပါသလားဆိုပြီး ကျွန်တော်တို့ဘက်က သွားပြီးအဆိုပြုတဲ့အခါ အဘွားရဲ့ သားသမီးတွေက မေးမြန်းပြီး သူ့ဆန္ဒအရ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။ အရင်ကတော့ မြန်မာနိုင်ငံမှာ အသက်အကြီးဆုံး အဘိုး၊ အဘွားတွေက အသက် ၁၂၀ ဝန်းကျင်ရှိပါတယ်။ တစ်နှစ်တစ်ခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အထောက်အထားတွေနဲ့ လက်ရှိဓာတ်ပုံနဲ့ တင်ပြတဲ့အခါ အသက်အကြီးဆုံး အဘိုးအဘွားတွေကို ပြန်ပြီးရွေးချယ်ခဲ့တာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးဖြစ်သူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အသက် ၁၂၁ အရွယ်ရှိ အဘိုးဦးအောင်ထွန်း က ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။
အဆိုပါ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးဖြစ်သူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အဘိုးဦးအောင်ထွန်း အသက် ၁၂၁ နှစ် နှင့် အသက်အကြီးဆုံးအဘွားဖြစ်သူ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်မှ အဘွားဒေါ်ချောယဉ် အသက် ၁၂၃ နှစ်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၄) အရ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ထောက်ပံ့လျက်ရှိရာ လက်ရှိတွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ၁၉၈,၇၂၁ ဦးရှိကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဆိုင်ရာကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အောက်တိုဘာ ၁ ရက် နေပြည်တော်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ သက်ကြီးဦးရေ ၅.၂ သန်းခန့်ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၂၃ ခုနစ် အောက်တိုဘာ ၁ ရက်ရှိ ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးရွယ်အိုများ ဦးရေသည် ၆.၃ သန်းကျော်အထိ တိုးလာခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)