Connect with us

Environment, Disasters & Accidents

အပူချိန်မြင့်တက်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများခံစားနေရ

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု အနီး သစ်ပင်ရိပ်အောက်တွင် မတ်တပ်ရပ်နေသူများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များအတွင်းက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြန်မာနိုင်ငံရှိ မြို့တစ်ချို့၏ အပူချိန် အမြင့်ဆုံးဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံအချို့တွင် ပြင်းထန်သော အပူချိန်များ ဆက်လက်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံရှိ လူအများအပြားမှာ အပူချိန်မြင့်တက်မှုဒဏ်ကို ခံစားနေကြရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေပူထဲ၌ အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ နေပူထဲတွင် အာလူးကြော်ရောင်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုရှေ့တွင်လမ်းသွားလမ်းလာများ အအေးဓာတ်ရရှိစေရန်အပြင်၌ ဖွင့်ပေးထားသော ပန်ကာများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ရှိ ရှော့ပင်းစင်တာတစ်ခုရှေ့တွင် ထီးဆောင်းလာသူများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်း ကိုရဲနိုင်စိုးကအပူချိန် မြင့်တက်လာခြင်းက ၎င်း၏လုပ်ငန်းနှင့် ကျန်းမာရေးကို ထိခိုက်စေကြောင်း ဆင်ဟွာကိုပြောသည်။

“ကျွန်တော်အနေနဲ့ မနက်၁၀ နာရီလောက်မှာ ကားမောင်းတာကို ရပ်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ နေက ပူသထက်ပူလာလို့ပါ။ နေကအရမ်းပူပြီး ချွေးတွေအများကြီးထွက်လာလို့ နေ့ခင်းဘက် အလုပ်နားလိုက်ရတာပါ’’ ဟု ကိုရဲနိုင်စိုးက ဆက်ပြောသည်။
နံနက် ၄ နာရီခန့်မှ ညနေ ၄ နာရီအတွင်းမှာ ပုံမှန်အလုပ်လုပ်ချိန်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၎င်းအနေဖြင့် အလုပ်ချိန်ကို နံနက် ၁၀နာရီတွင် ရပ်နားလိုက်ရသည့်အခါ ဝင်ငွေကို ထိခိုက်သည်ဟုဆိုသည်။

“ကျွန်တော်အရင်က ဝင်ငွေ နေ့စဉ် ၃၀,၀၀၀ ကျပ်နဲ့ ၄၀,၀၀၀ ကျပ်ခန့်ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ ဝင်ငွေ ၁၅,၀၀၀ ကျပ် ကနေ ၂၀,၀၀၀ ကျပ်လောက်ပဲ ရပါတော့တယ်’’ ဟု ကိုရဲနိုင်စိုးက ဖြည့်စွက်ပြောကြားသည်။
ဧပြီလအစောပိုင်းက နိုင်ငံအနှံ့အပြားတွင် အပူချိန်မြင့်တက်နေသဖြင့် အပူလွန်ကဲခြင်းနှင့် အပူဒဏ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အကြံပြုချက်များကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း အထူးသဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် မကြာသေးမီက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် စံချိန်တင် အပူချိန်များ မြင့်တက်နေသဖြင့် အပူချိန်လွန်ကဲသော ရာသီဥတုကို ကြုံတွေ့ခဲ့ရပြီး ပြည်သူများအတွက် ကျန်းမာရေး စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးနှင့် ပုဂံရှိ ကယ်ဆယ်ရေးအဖွဲ့များက ပြီးခဲ့သည့် သီတင်းပတ်က ၎င်းတို့ ကယ်ဆယ်ရာတွင် အပူလွန်ကဲမှုဒဏ် ခံစားခဲ့ရသူများ ပါဝင်ကြောင်းနှင့် အပူလွန်ကဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကိုလည်း ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“ပြီးခဲ့တဲ့တစ်ပတ်က မန္တလေးမှာ အရမ်းပူတယ်။ ကျွန်တော်ရဲ့ အားလပ်ရက်မှာတောင် အပြင်မထွက်နိုင်ဘူး’’ ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သော အသက် ၃၀ အရွယ်ရှိ ကိုသူရထွန်းက ဆင်ဟွာကို ဧပြီ ၂၄ ရက်ကပြောသည်။
မန္တလေးတွင် နေထိုင်သူများသည် အပူလွန်ကဲခြင်းမှ ရှောင်ရှားရန် လေအေးပေးစက်ရှိသော ဈေးဝယ်စင်တာများတွင် သွားရောက်အပူရှောင်လျက်ရှိကြောင်း ပြည်တွင်းသတင်းဌာနတစ်ချို့တွင် ဖော်ပြခဲ့ကြသည်။

ထို့ပြင် ရန်ကုန်မြို့တွင်လည်း အဆိုပါရက်များအတွင်း ပျမ်းမျှအားဖြင့် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိသောကြောင့် ယင်းအပူဒဏ်ကို ရှောင်ရှားရန် လေအေးပေးစက်ရှိသော ရှော့ပင်းစင်တာများသို့ သွားရောက်ကြကြောင်း သိရသည်။
“ကျွန်တော်ပဲခူးကလာတာပါ။ အရမ်းပူလို့အပူရှောင်ဖို့အတွက် ရှော့ပင်းစင်တာကို လာတာပါ’’ဟု ရန်ကုန်မြို့၊ ရန်ကင်းစင်တာ ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်နေသော အသက် ၄၅ နှစ်အရွယ် ဦးနတ်ရဲလှ က ဆင်ဟွာကိုပြောသည်။

“ကျွန်တော် ၄ နာရီဝန်းကျင်လောက် အိမ်ပြန်မှာပါ။ အဲဒီအချိန်ဆိုရင် အပူချိန်လျော့လောက်ပါပြီ။ မနက်တုန်းက ကျွန်တော်အနေနဲ့ လူမှုရေးအရပွဲတစ်ခုရှိလို့ ရန်ကုန်လာတာပါ။ အပြင်မှာ အပူချိန် အရမ်းမြင့်နေလို့ ချက်ချင်းမပြန်နိုင်ပါဘူး’’ ဟု ဦးနတ်ရဲလှကပြောသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၁.၅ မှ ၂ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၁၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အပူချိန် ၄၃.၈ ဒီဂရီစင်တီဂရိတ်ဖြင့် ၄၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရသိရသည်။
“မုတ်သုံမိုးမရွာမချင်း အပူချိန်မြင့်တက်နိုင်ပါတယ်’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကို ပြောသည်။

ဧပြီလနှင့် မေလ များသည် ပုံမှန်အားဖြင့် အပူဆုံးလများဖြစ်ပြီး ၊ မုတ်သုံမိုး မရွာသွန်းမီအချိန်အထိ မြန်မာနိုင်ငံသည် အပူချိန်မြင့်တက်နိုင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.