Connect with us

Environment, Disasters & Accidents

နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်လူ ၆ ဦးသေဆုံး၊ ၁၀၉ ဦးဒဏ်ရာရ

လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုအား ကယ်ဆယ်ဆောင်ရွက်စဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

နေပြည်တော်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နေပြည်တော်၊လယ်ဝေးမြို့နယ်၊ရွှေဟင်္သာကျေး ရွာအုပ်စုရှိ တံတားဦးကျေးရွာ၊ကံသာကျေးရွာ အုပ်စုရှိ အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီ ၂၁ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၆ ဦးသေဆုံး၊ ၁၀၉ ဦးဒဏ်ရာရ ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ထံမီ သိရသည်။

လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုအား ကယ်ဆယ်ဆောင်ရွက်စဉ်(ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် နေအိမ် ၇၇ လုံးခန့်၊အောင်မြင်ကုန်းကျေးရွာတွင် နေအိမ် ၁၅၅ လုံးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ ဘုရားစေတီအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦး၊ အောင်မြင်ကုန်းကျေးရွာတွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်တဲ့လေပြင်းကြောင့် ကျေးရွာနှစ်ရွာက နေအိမ် စုစုပေါင်း ၂၃၀ကျော် ပျက်စီးတယ်၊ တချို့အိမ်တွေဆို တအိမ်လုံးနီးပါး ပျက်စီးတာတွေရှိတယ်၊ အခင်းဖြစ်တဲ့နေရာမှာ ၆ ဦး သေဆုံးတယ်၊ ၁၀၉ ဦး ဒဏ်ရာရခဲ့တယ်၊ အဲဒီထဲမှာ ၁၆ ဦးက တော်တော်ပြင်းထန်ဒဏ်ရာရတယ်”ဟု နေပြည်တော်ရဲတပ်ဖွဲ့က ရဲမှုးတစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယင်း လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား လယ်ဝေးမြို့နယ်ကုတင်(၁၀၀)ဆေးရုံနှင့်ဇမ္ဗူသီရိမြို့နယ်ကုတင် (၁၀၀၀)ဆေးရုံများသို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)