Environment, Disasters & Accidents
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လ အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂,၂၅၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လ အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂,၂၅၀ ဦးသေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၅)နှင့် (၉၇/၆)ကြား၊ ၆ ဘီးယာဉ်တစ်စီး ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လ အတွင်းတွင် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၄,၄၂၁ မှုဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၆,၁၅၉ ဦးရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုင်ဝင်ဘာ လကုန််အထိ ၁၁ လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၅,၂၀၂ မှုဖြစ်ပွားခဲ့ပြီး၊ လူ ၇,၃၃၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂,၅၈၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူဦးရေမှာ ယမန်နှစ် အလားတူကာလထက် ၃၃၈ ဦးလျော့နည်းခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၇၇၈ မှုဖြစ်ပွားခဲ့ပြီး ၊ လူ ၈၃၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၃၈၇ ဦးရှိကာ တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ၁၁ လအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှုပေါင်း ၆၈၇ မှုဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှု ဒုတိယအများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၆၀၇ မှုဖြင့် ယာဉ်မတော်တဆမှု တတိယအများဆုံး တိုင်းဒေသကြီးဖြစ်သည်။ (Xinhua)