Connect with us

Education & Health

၂၆. ၁၂. ၂၀၂၃ ဆင်ဟွာ မြန်မာသတင်း အကျဉ်းချုပ်

ရန်ကုန် — မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် International Show Jumping (အပြည်ပြည်ဆိုင်ရာမြင်းစီး တန်းခုန်ပြိုင်ပွဲ) ကို FEI (ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်) ၏ တန်းခုန်ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်က ဆင်ဟွာသို့ပြောသည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး Children ၊ Junior ၊ Senior ဟူ၍ အတန်း ၃ တန်းခွဲပြီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
—-


ရန်ကုန် — ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၁၄၀,၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ မနှစ်က တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆၀,၀၀၀ ကျော်ဖြေပြီး ၁ သိန်းကျော် အောင်မြင်ခဲ့တယ်။ အောင်မြင်မှုရာခိုင်နှုန်းက ၆၇ ရာခိုင်နှုန်းကျော်ရှိပါတယ်” ဟုပြောသည်။
—-


ရန်ကုန် — မြန်မာနိုင်ငံသည် ၈ လကျော်အတွင်း ပဲနှင့် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၁.၉၅၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၉၆၄,၉၈၇ ကျော် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁၃၅,၃၈၃ ကျော် တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ (Xinhua)