Connect with us

Myanmar

မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆.၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်( ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ စက်လှေတစ်စီးအား စစ်ဆေးရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၃၆.၂၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိသည့် နေရာပြမြေပုံ ( ဓာတ်ပုံ – CCDAC Myanmar)

ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင် (ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား ဇန်နဝါရီ ၄ ရက်တွင် တပ်မတော်(ရေ)မှ စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် လူ ၄ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

စစ်ဆေးချက်အရ ဇန်နဝါရီ ၇ ရက်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ တစ်ဦးကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအိုက်စ်(မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူများအပါအဝင် ၇ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.