Connect with us

Culture & Entertainment

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန် လျာထား

ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ်၊ မတ် ၁၈ ရက်က ကျင်းပခဲ့သော မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုချီးမြှင့်ပွဲတွင် အကယ်ဒမီရရှိခဲ့သော သရုပ်ဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပရန် လျာထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။

ဦးအေးကြူလေးက “ရုပ်ရှင်ကားတွေက ကြည့်နေတုန်းမပြီးသေးပါဘူး။ ဒါကြောင့် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကားစာရင်းကတော့ မထွက်သေးဘူး။ ဆန်ခါတင်က ၁၀ ကားလောက်ရှိမှာပါ” ဟုပြောသည်။

၂၀၂၃ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကားစုစုပေါင်း ၃၅ ကားခန့်ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်းတွေ့ဆုံသော အစည်းအဝေးကိုလည်း ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးအေးကြူလေးက “ချီးမြှင့်မယ့် ဆုအရေအတွက်က ၁၁ ဆုပါ။ ရုပ်ရှင်အကဲဖြတ်အဖွဲ့မှာက ၂၅ ယောက်ရှိပါတယ်။ အကဲဖြတ်အဖွဲ့ရဲ့ အမှတ်တွေိကို ယူရမှာဖြစ်ပါတယ်။ ပရိသတ်ပါ ပွဲကို ကြည့်ရှုနိုင်အောင် စီစဉ်နေတုန်းဖြစ်ပါတယ်။ အကယ်ဒမီရွှေကြို ကတော့ ၂၆ ယောက် ရွေးချယ်ပြီးပါပြီ။ ဒီနှစ်မှာ ထူးခြားတာက ရွှေကြိုလျှောက်ထားသူ ၃၀၀ ကျော်တယ်” ဟုပြောသည်။

COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉ ၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် အကယ်ဒမီဆုပေးပွဲ ကျင်းပမှုကို ၃ နှစ်ကြာ ရပ်နားထားခဲ့ပြီး ၂၀၂၃ ခုနှစ် မေလက နေပြည်တော်၌ ၃ နှစ်စာပေါင်းပြီး ပြန်လည် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးအေးကြူလေးက “ ဇာတ်ကားက ၃၅ ကားပဲ ပြသခဲ့တော့ အဲဒီထဲက ရွေးမှာပါ။ တကယ်ကောင်းမှပဲ အကယ်ဒမီဆုကို ရရှိမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)