Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၄. ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၄. ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်
ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁.၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉,၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂.၄ ကီလိုဂရမ်နှင့်အတူ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၉ ရက်၊ ည ၈ နာရီအချိန် ချမ်းမြသာစည်မြို့နယ်တွင် အမျိုးသားတစ်ဦးကို ဘိန်းဖြူ ၄.၄ ကီလိုဂရမ်နှင့် လည်းကောင်း၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၃) ရပ်ကွက်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄.၄ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအား လည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူတို့မှာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄.၉၄၅ ဘီလီယံတန်ဖိုးရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၆.၁ သိန်း၊ ဘိန်းဖြူ ၁၀၁.၂ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117