Connect with us

Agriculture

မြန်မာနိုင်ငံ နေပြည်တော်တွင် လယ်ယာသုံး စက်ကိရိယာပြပွဲကျင်းပ

မြန်မာနိုင်ငံ နေပြည်တော်တွင် လယ်ယာသုံး စက်ကိရိယာပြပွဲကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် လယ်ယာသုံး စက်ကိရိယာ ပြပွဲကို ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများ နေထိုင်ဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်နည်းနည်းနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်နေသည့် သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို မှန်ကန်အောင် ဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာကို စနစ်တကျပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေကို ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြစ်စေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေကြသည့်နေရာတွင် စက်မှုလယ်ယာစနစ် အသုံးပြုနိုင်ရေးသည် အရေးကြီးကဏ္ဍကနေ ပါဝင်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းပြပွဲတွင် လယ်ယာသုံးစက်ကိရိယာပြပွဲ၌ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော် ခင်းကျင်းပြသ ရောင်းချခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပြပွဲတွင် မြေယာပြုပြင်ခြင်းလုပ်ငန်းသုံး ထွန်စက်ကြီးအမျိုးမျိုး၊ နောက်တွဲကိရိယာများ၊ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ကြားပေါင်းလိုက်စက်များ၊ ဆေးဖျန်းကိရိယာများ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ၊ ကောက်ရိုးထုံးစက်များ၊ စပါးအခြောက်ခံစက်များ၊ အာလူးစိုက်စက်၊ အာလူးဖော်စက်၊ ပီလောပီနံစိုက် စက်၊ ပြောင်းရိတ်စက် စသည့်စက်ကိရိယာ အမျိုးပေါင်း ၃၀၀ ကျော်ကို ကုမ္ပဏီပေါင်း ၂၂ ခုမှ ပြခန်းပေါင်း ၃၀ ဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည့်အပြင် လယ်ယာသုံးစက်ကိရိယာများအသုံးပြု၍ လက်တွေ့မောင်းနှင်ထွန်ယက်စိုက်ပျိုး ပြသသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

လယ်ယာကဏ္ဍတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာများအနေဖြင့် ထွန်စက်ကြီး ၄၃,၉၃၉ စီး၊ လက်တွန်းထွန်စက် ၄၆၂,၆၂၇ စီး၊ ကောက်စိုက်စက် ၁၅၈ စီး၊ လက်ဆွဲကောက်စိုက်စက် ၆၁၀ စီး၊ လက်ဆွဲမျိုးစေ့ချကိရိယာ ၃၇,၄၆၇ လက်၊ ရိတ်သိမ်းခြွေလှေ့စက် ၁၃,၂၁၁ စီး၊ စပါးအခြောက်ခံ စက် ၂,၁၁၀ အထိ တိုးတက်ပိုင်ဆိုင်လာကြသည်ကို စာရင်းဇယားများအရ သိရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)