Myanmar
မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်းနိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး မဲခေါင်-လန်ချန်း နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု လွယ်ကူချောမွေ့မှုမြှင့်တင်ခြင်းစီမံကိန်း၏ သုတေသနရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံတော်ကချမှတ်ထားသည့် ပို့ကုန်နှစ်ဆမြှင့်တင်ရေး လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့မှုမြှင့်တင်ခြင်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံကိန်းလုပ်ငန်းစဉ်များ၌ ပို့ကုန်အလားအလာအရှိဆုံး သီးနှံများဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်သုတေသနလေ့လာခြင်းအပါအဝင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ဆက်စပ်လုပ်ငန်းများ ထည့်သွင်းရေးဆွဲထားသည့် ယခုစီမံကိန်းအတွက် ရန်ပုံငွေပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (နိုင်ငံခြားရေးဝန်ကြီးဌာန) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များကို ကျေးဇူးတင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
ထို့ပြင် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်း၏ရည်ရွယ်ချက်နှင့် သုတေသနအနှစ်ချုပ်ကိုတင်ပြပြီး ဒုတိယဝန်ကြီးများက ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ ပဲတီစိမ်း၊ ဖရဲ၊ ရေထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပို့ကုန်အလားအလာသုတေသနလေ့လာခြင်း စာအုပ်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စီမံကိန်း ၄၂ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၁ သန်းခန့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)