Connect with us

Myanmar

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၁ နာရီခွဲအချိန် ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီးတွင် ခင်မောင်လင်း နှင့် သက်ပိုင်ထူး(ခ)သက်ပိုင် တို့အား သမ္ဗန်စက်လှေဖြင့် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၂၉.၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ကွင်းဆက်အရ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိသော အိုက်စ်(မက်သ်အဖက်တမင်း)များအား တင်ဆောင်ပေးသူ ကျော်စိုးမင်း အား ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူတို့ကို စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီး အား ပုဇွန်တောင်မြို့နယ်တွင် လည်းကောင်း၊ ဇော်မင်းနိုင်(ခ)ဇော်မင်းလတ် အား ရန်ကင်းမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာလ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် အိုက်စ်(မက်သ်အဖက်တမင်း)များအား ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင်(ခ)အကြီးကောင် အား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်လှေ ၁ စီးနှင့်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)များအား သယ်ဆောင်ခိုင်းသူမှာ ကိုထွန်း(ခ)အောင်ကျော်စွာမြင့်(ဖမ်းဆီးရန်ကျန်)ရှိနေကြောင်းနှင့် ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

အိုက်စ်(မက်သ်အဖက်တမင်း) များ သယ်ဆောင်ရာတွင် အသုံးပြုသည့် စက်လှေများအားတွေ့ရစဉ် (ဓာတ်ပုံ– CCDAC Myanmar)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117