Connect with us

Politics, Law & Military

ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသည့် မှတ်ကျောက်များထဲမှ တစ်ခု ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပြောကြား

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာ့ နိုင်ငံခြားရေး မူဝါဒ၏ အရေးကြီးသည့် မှတ်ကျောက် များထဲ မှ တစ်ခု ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၇၃)ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နုနယ်သော ဒီမိုကရေစီနိုင်ငံ အနေဖြင့် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံ အစိုးရသည် ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရန် အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီး၌ အမျိုးသားရေး စိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲ မုန်းတီးရေး ဝါဒနှင့် စီးပွားရေးမမျှတမှုတို့ မြင့်တက် လာခြင်းများကို ဝမ်းနည်းဖွယ်ရာ မျက်မြင်ကြုံတွေ့ရလျက်ရှိကြောင်း ၊ ယင်းကိစ္စရပ်များအား ကိုင်တွယ် ဖြေရှင်း ရာတွင် အဖွဲ့ဝင်များအားလုံး သို့မဟုတ် လူ့အဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် မတူညီသော ရှုထောင့်များမှ အမြင်များကို ထည့်သွင်းစဉ်းစားသွားရန် လွန်စွာအရေးကြီးကြောင်း ၊ မတူကွဲပြားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းသည် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကို မြှင့်တင်ရန် အမှန်တကယ်လိုလားသူများ၏ အဓိကရည်မှန်းချက် ဖြစ်သင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ ”ငြိမ်းချမ်းမျှတပြီး ရေရှည်တည်တံ့သော လူမှုအဖွဲ့ အစည်းများ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာကိုဦးဆောင်ပေးနိုင်မှုနှင့် တာဝန်များမျှဝေယူမှုရှိသည့် ပြည်သူအားလုံးနှင့်ဆီလျော်သော ကုလသမဂ္ဂဖြစ်စေရေး” ဟူ၍ ဖြစ်ကြောင်း ၊ လူသားအားလုံးနှင့် ကိုက်ညီသော ကုလသမဂ္ဂဖြစ်စေရေးအတွက် နိုင်ငံများအကြား သာတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုကို မြှင့်တင်ရန်ဆိုသည့် ကုလသမဂ္ဂပဋိညာဉ်၏မူဝါဒများကို မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နိုင်ငံကြီးငယ်မရွေး သတိပြုလိုက်နာရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မင်္ဂလာရှိသော (၇၃) နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် မိမိအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများဆိုင်ရာ မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြု ကြောင်း နှင့် ကုလသမဂ္ဂ၏ကြီးမြတ်သော ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွပြုလုပ်ရန် ဆန္ဒပြုကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂပဋိညာဉ်အား အတည်ပြုချမှတ်ခဲ့သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှစ၍ တရားဝင်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။(Xinhua)