Politics, Law & Military
တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၂၀၁၈ – ၂၀၂၂ ကို စတင်ဆောင်ရွက်
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း၂၀၁၈ – ၂၀၂၂ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ယင်း တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၅ – ၂၀၁၇) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းထားပြီး မိမိတို့ တရားသူကြီးများနှင့် တရားရေးအရာရှိများသည် တရားရုံးအဆင့်ဆင့်၏ တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရ သူများ ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရေး၊ ပြည်သူ အများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ပေါ်ထွန်းရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ် ခိုင်မာရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားစီရင်ရေး မဟာဗျူဟာ လုပ်ငန်းစဉ်များ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းဆောင် ရွက်ပြီး လည်းဖြစ်ကြောင်း၊ ယခုအခါ တရားစီရင်ရေးနှင့် တရားရုံးစီမံ ခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှုများကို ဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် စီရင်ဆုံးဖြတ်ရေး၊ အဂတိတရား ကင်းစင်ရေး၊ တရားရုံး သက်သေခံ ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲရေး၊ မှန်ကန်မျှတသော ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေးတို့ကို အထူးဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ အထူးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။(Xinhua)