Connect with us

Politics, Law & Military

ဘိန်းစိုက်ခင်းများအစား ဈေးကွက်ဝင်အစားထိုး သီးနှံများစိုက်ပျိုးမည်

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဘိန်း စိုက်ပျိုးမှုသည် နှစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စိုက်ပျိုး ဧရိယာ ၅၅၅၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၇ တွင် ၄၁၀၀၀ ဟက်တာအထိ သိသာစွာ ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က ယနေ့ညနေပိုင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ၂၀၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်းကောင်း ၂၇ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်လည်းကောင်း၊ ၂၃ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်းကောင်း၊ ကျန်သည့် ၁၀ ရာခိုင်နှုန်းကို ကချင်ပြည်နယ်တွင်လည်းကောင်း တွေ့ရှိရသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ UNODC ဌာနေ ကိုယ်စားလှယ် Mr. Jeremy Douglas အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ပွဲကို နေပြည်တော် Kempinski ဟိုတယ်၌ ယနေ့ ပြုလုပ်ခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ အရာရှိကြီးများ၊ သံတမန်များ၊ UNODC ရုံးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် UNODC မှ ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် UNODC တို့ သတင်းထုတ်ပြန်အပြီး မီဒီယာအား ဖြေကြားစဉ် (ဆင်ဟွာ)

မူးယစ် ဗဟိုအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက “ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုင်းတာခြင်းလုပ်ငန်းကို UNODC နဲ့ပူးပေါင်း ဆောင်ရွက်ပြီး မိတ်ဖက် ဝန်ကြီးဌာနအဖြစ် သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပါဝင်ပါတယ်၊ တရုတ်နိုင်ငံနဲ့ လည်း ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ဘိန်းစိုက်ပျိုးမှု ဧရိယာကိုသာ အဓိက ထား တွက်ချက်တာ ဖြစ်ပြီး UNODC နဲ့ကတော့ ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ လူမှု စီးပွား အခြေအနေများကိုပါ စစ်တမ်း ကောက်ယူခဲ့ပါ တယ်၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၆ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု အနိမ့်ဆုံးသို့ ရောက်ခဲ့ပေမယ့် ၂၀၁၃ မှာ ပြန်လည် မြင့်တက်လာခဲ့ရာက ၂၀၁၄ မှာ အဆင်းဘက်ကို ဦးတည်လာပြီး ဒီနှစ်မှာတော့ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ် ရေးဆွဲ အတည်ပြုထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသော ချဉ်းကပ်မှုများ၊ ရေရှည် တည်တံ့ ဖွံ့ဖြိုးရေးကို ဦးစားပေးသော ချဉ်းကပ်မှုများအား အလေးပေး ရေးဆွဲထားကြောင်း၊ အဆိုပါ မူဝါဒ၏ အမျိုးသား မဟာဗျူဟာ စီမံချက်ကို ဆက်လက် ရေးဆွဲရာတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျ ရေးကို အဓိက ကဏ္ဍအဖြစ် ထည့်သွင်း ရေးဆွဲမည် ဖြစ်ကြောင်း၊ ယနေ့ ထုတ်ပြန်သည့် အစီရင် ခံစာပါ အချက်အလက်များအရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် သက်ရောက်မှုတို့ကို အကဲဖြတ် သိရှိနိုင်သကဲ့သို့ ဘိန်းစိုက်တောင်သူများ၏ စိုက်ပျိုးမှု ပုံစံများနှင့် အစားထိုး ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုလည်း သိရှိရကြောင်းနှင့် အစီရင်ခံစာကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

UNODC ၏ ဌာနေ ကိုယ်စားလှယ် Mr. Jeremy Douglas ကမူ ဘိန်းစိုက်ခင်းများမှ အခြားသော ဈေးကွက်ဝင် စီးပွားဖြစ် အစားထိုးသီးနှံစိုက်ခင်းများ အဖြစ် ပြောင်းလဲဆောင်ရွက် လျက်ရှိသည့် အကူးအပြောင်းကာလတွင် UNODC က ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် နယ်မြေ မအေးချမ်းသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပါဝင်ဘဲသီးခြား ဆောင်ရွက်၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ပွဲအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးနှစ်ဦးနှင့် UNODC မှ ကိုယ်စားလှယ် နှစ်ဦးတို့ ပူးတွဲလျက် မီဒီယာများအား ဖြေကြား ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.