Connect with us

Politics, Law & Military

မြန်မာနိုင်ငံ သမ္မတ (၄၉)နှစ်မြောက် အာဆီယံနေ့သို့ သဝဏ်လွှာပေးပို့

အာဆီယံ အဖွဲ့ကြီး ၏လိုဂို တံဆိပ်အားတွေ့ရစဉ် (အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ (၄၉)နှစ်မြောက် အာဆီယံနေ့အတွက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ယနေ့ သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ သဝဏ်လွှာတွင် အာဆီယံသည် နိုင်ငံရေးအရ စည်းလုံးမှုရှိသော၊ စီးပွားရေးအရ ပေါင်းစည်း ညီညွတ်မှုရှိသော၊ လူမှုရေးအရ တာဝန်ယူမှု ရှိသော ဒေသတစ်ခုဖြစ်လာမည့် အသိုက်အဝန်းတစ်ရပ် တည်ထောင်ရေးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းကြရာ၌ တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း သမ္မတ သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အာဆီယံအသိုက်အဝန်းတစ်ရပ်ကို တည်ထောင်ကြောင်း ကြေညာခဲ့ပြီး အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅ နှင့် ယင်း၏ လမ်းပြမြေပုံ(၃)ရပ်ကို အတည်ပြုခဲ့သည်။

၂ဝ၁၆ ခုနှစ်သည် အာဆီယံအသိုက်အဝန်း တည်ထောင်ခြင်း၏ ပထမနှစ်ဖြစ်သကဲ့သို့ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅ ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်၏ ပထမနှစ် လည်း ဖြစ်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် အာဆီယံ အသိုက်အဝန်း ပေါ်ထွန်းရေးအတွက် မိမိတို့ပါဝင်ခဲ့သည့် အခန်းကဏ္ဍအတွက် ဂုဏ်ယူမိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုအခါ လူဦးရေစုစုပေါင်း(၆၂၅)သန်းရှိ၍ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိသည့် အာဆီယံသည် အာရှ၏ တတိယအကြီးမားဆုံး စီးပွားရေး ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတွင် သတ္တမအကြီးမားဆုံးဖြစ်သည်။

အာဆီယံအသိုက်အဝန်းကို လာမည့် (၁ဝ)နှစ်အကြာတွင် နိုင်ငံရေးအရ စည်းလုံးမှုရှိသည့်အပြင် စီးပွားရေးအရ ပေါင်းစည်းဆက်သွယ်မှုရှိပြီး လူမှုရေးအရ တာဝန်ယူမှုရှိသည့် ပြည်သူ့ဗဟိုပြု၊ ပြည်သူ့အခြေပြုသော စည်းမျဉ်းကို အခြေခံသည့် အာဆီယံအသိုက်အဝန်း တစ်ရပ် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း၊ အာဆီယံအသိုက်အဝန်းအတွင်းရှိ ပြည်သူအားလုံးက စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ကြိုးပမ်းမှုများဖြင့် ထင်သာမြင်သာ ရှိသည့် အမြော်အမြင်ရှိသော တိုးတက်တီထွင်မှုရှိသည့် အနာဂတ်မျှော်မှန်းချက်ကို အကောင်အထည်ဖော် နိုင်မည် ဖြစ်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

လာမည့်နှစ်သည် နှစ်(၅ဝ)ပြည့် အာဆီယံနှစ်ပတ်လည်အခါသမယဖြစ်ရာ အာဆီယံအသိုက်အဝန်း တည်ထောင်ရေးကို ဆထက်ထမ်းပိုးကြိုးပမ်းကြရန် တိုက်တွန်းပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ပြည်သူများအားလုံး ချမ်းသာသုခနှင့် ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် အာဆီယံအသိုက်အဝန်း ဆက်လက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့ဆုတောင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.