Connect with us

Politics, Law & Military

အစိုးရသစ်၏ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ စီမံကိန်း ပြည့်မြောက်ခဲ့ပြီ

ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရသစ် စတင် တာဝန်ယူခဲ့ပြီးနောက် ဝန်ကြီးဌာနများ အလိုက် မေလ ၁ ရက်မှ စတင်၍ ပြည်သူ့အတွက် ရက် ၁၀၀ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့ရာ ယနေ့သြဂုတ်လ ၈ ရက်နေ့တွင် ရက် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

အစိုးရ ဝန်ကြီးဌာနများ အလိုက် ရက် ၁၀၀ စီမံကိန်း လုပ်ငန်းစဉ်များအပေါ် ပြောင်းလဲမှုများအား သိရှိနိုင်စေရေး ယခု သြဂုတ်လ အတွင်း ဝန်ကြီးဌာနများ အလိုက် တရားဝင် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်သွားမည်ဟု ကြေညာထားခဲ့ပြီး ရက် ၁၀၀ စီမံကိန်း လုပ်ဆောင်မှုများသည် ပြည်သူလူထု အကြား ထင်သာမြင်သာရှိသည့် ပြုပြင် ပြောင်းလဲမှု အချို့ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုကြသည်။
“ရက် ၁၀၀ စီမံကိန်းဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရှိတယ်လု့ိယူဆပါတယ်။ ပြည်သူ့ဘက်က လည်း ရက် ၁၀၀ စီမံကိန်းဆောင်ရွက်မှုတွေ မှာ အကျိုးခံစားသင့်သလောက် ခံစားရပါတယ်။ ဒီရက်၁၀၀ စီမံကိန်းအပြီးမှာ အစိုးရအဖွဲ့ အနေနဲ့ အားနည်းချက် အားသာချက်တွေကို တွေ့ပြီး ဆက်လက်ဆောင်ရွက်ဖို့ လွယ်ကူသွားမယ်လို့ ထင်ပါတယ်။”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။
အစိုးရ ဝန်ကြီးဌာနများ အလိုက် ရက် ၁၀၀ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့ရာတွင် ငြိမ်းချမ်းရေး ၊ စီးပွားရေး နိုင်ငံခြားရေး ၊ စွမ်းအင် ၊ တည်ငြိမ် အေးချမ်းရေး စသည့် ကဏ္ဍများအပေါ် ဆောင်ရွက်မှုများအား ထင်ထင်ရှားရှား တွေ့မြင်ရသည်။
ငြိမ်းချမ်းရေး
ရက် ၁၀၀ စီမံကိန်းများ အနက် ငြိမ်းချမ်းရေး ကဏ္ဍတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ကျင်းပရေးစသည့် ကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
အစိုးရသစ် လက်ထက် ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန် မြှင့်တင် လုပ်ဆောင်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံကို ယခုနှစ် သြဂုတ်လကုန်ပိုင်း မတိုင်မီ ကျင်းပနိုင်ရေး သဘောတူညီမှုများ ရှိခဲ့ပြီး ယခု သြဂုတ်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် “ဝ” နှင့် မိုင်းလား အဖွဲ့ တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းများ ၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့သည်။
စီးပွားရေး
နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန် ရည်ရွယ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန် ဦးတည်၍ သဘာ၀ သယံဇာတ အရင်း အမြစ်များကို ရေရှည် ထိန်းသိမ်းလျက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြား မျှတ မှန်ကန်စွာ ခွဲေ၀ အသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ် ဆောင်ရွက်ရန် မျှော်မှန်ကြောင်း အစိုးရသစ်မှ ထုတ်ပြန် ကြေညာပြီး နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ချက်ကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့စက်မှု နဲ့စီးပွားရေး လုပ်ငန်းတွေ တိုးတက် ပြောင်းလဲစေဖို့အဓိက လုပ်ဆောင်ရမှာကတော့ ဒီဂျစ်တယ် စနစ်ကို ပြောင်းလဲဖို့အတွက် လွယ်ကူ ချောမွေ့အောင် ကြိုးမဲ့အင်တာနက် ချိတ်ဆက် စနစ် (Broadband) ကျယ်ပြန့်မှု နဲ့ICT နည်းပညာ တိုးတက်ရေးတွေက လုပ်ဆောင်ပေးပါတယ်”ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့သည်။
ထို့အတူ နည်းပညာ အစိုးရ Smart Government ဖြစ်လာရန် မျှော်မှန်း ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ဇူလိုင်လအတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့သော Myanmar Broadband Forum 2016 ၌ ထည့်သွင်း ပြောကြားခဲ့သည်။
အစိုးရအသစ်သည် စီးပွားရေးကဏ္ဍတွင် ရက် ၁၀၀ စီမံကိန်းအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို အသစ်ဖွဲ့စည်းနိုင်ခြင်း၊ စတော့အိတ်ချိန်းဈေးကွက် စတင်ရောင်းချနိုင်ခြင်း၊ အမေရိကန် ဒေါ်လာဈေးများ ကျဆင်း တည်ငြိမ်လာခြင်း စသည့် အပြောင်းအလဲများ တွေ့မြင်ရခဲ့သည်။
နိုင်ငံခြားရေး
အစိုးရသစ် လက်ထက် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတကာပုံရိပ် ပြန်လည်ကောင်းမွန်လာရေးကို အဓိက အလေးပေး ဆောင်ရွက်၍ နိုင်ငံတကာဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို အကောင်အထည် ဖော်နိုင်ရန် အဓိက အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သွားမည်ဟု ဆိုခဲ့သည်။
ယခု အစိုးရသစ် လက်ထက် နိုင်ငံတကာ ဆက်ဆံရေး အဖြစ် မြန်မာနိုင်ငံသို့မွန်ဂိုလီးယား ၊ စင်ကာပူ နှင့် လာအို နိုင်ငံတို့မှ နိုင်ငံ ခေါင်းဆောင်များနှင့် တရုတ် ၊ အမေရိကန် ၊ ပြင်သစ် ၊ ဂျပန် ၊ ကနေဒါ ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်းများ ရှိခဲ့သည်။
ထို့အတူ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့သည် အစိုးရသစ် လက်ထက် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့သွားရောက်ခဲ့သည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အပြန်အလှန်ချစ်ကြည်ရေးခရီးများသွားရောက်ရန်အတွက် စီစဉ်ညှိနှိုင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရပ်နီးရပ်ဝေးနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး တိုးချဲ့ထူထောင်သွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်ပတွင်ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားအကျဉ်းသားများ၏ အရေးကိစ္စများကို ပိုမို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသားများ နေရပ်သို့ပြန်လည် ရောက်ရှိစေရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
စွမ်းအင်
နိုင်ငံ၏ စွမ်းအင် ကဏ္ဍတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်း အဖြစ် (၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး လျှပ်စစ် ကဏ္ဍတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများကိုတိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
တည်ငြိမ်အေးချမ်းရေး
ထို့အပြင် နိုင်ငံ လုံခြုံရေး တရား ဥပဒေ စိုးမိုးရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ရက်ပေါင်း(၁၀၀)ကာလအတွင်း လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု အပါအဝင် အဓိကကျသည့် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တွင် မှုခင်းကျဆင်းရေး ၊ ရန်ကုန် မြို့တော်နှင့် မန္တလေးမြို့တော်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဒဂုံအထူးစီမံချက်နှင့် ရတနာပုံ အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း ၊ နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြသူများနှင့် စပ်လျဉ်းသည့် အမှုများ ကို ရုပ်သိမ်း ပိတ်သိမ်းနိုင်ရေး နှင့် ဝန်ဆောင်မှု ကို ရှေးရှုသည့် ရဲလုပ်ငန်းစနစ်အဖြစ် အသွင်သဏ္ဍာန် ပြောင်းလဲခြင်းနှင့် အနှစ်သာရ တိုးမြှင့်ရန် ပြောင်းလဲခြင်းများကို လုပ်ဆောင်ခဲ့သည်။
ယခု အစိုးရသစ် လက်ထက်တွင် အစိုးရဝန်ကြီးဌာန အရေအတွက်အား ၂၂ ခုဖြင့် ကျစ်လစ်စွာ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနများ အလိုက် ရက် ၁၀၀ စီမံကိန်းများအား တရားဝင် ထုတ်ပြန် ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.