Connect with us

Politics, Law & Military

မြန်မာ ပြည်ရောက် ကုလသမဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ် စားလှယ် ခရီးစဉ်အပြီး သတင်းထုတ်ပြန်

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်နှင့် အထူး ကိုယ်စားလှယ် မစ္စ လိုင်လာဇာရိုဂီ တို့ တွေ့ ဆုံ ဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ရောက်ရှိ လာခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စ လိုင်လာဇာရိုဂီ (Ms. Leila Zerrougui) သည် ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း အစိုးရအဖွဲ့တာဝန်ရှိသူများ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ပြီး တွေ့ရှိခဲ့မှု အခြေအနေများအပေါ် သတင်း ထုတ်ပြန်ခဲ့သည်။

ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ကြီးများနှင့် အဆင့်မြင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး အစိုးရ၏ ပူးတွဲ လုပ်ငန်း ဆောင်ရွက်မှု စီမံချက် (Joint Action Plan) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၏ တိုးတက်မှုများကို အသိအမှတ်ပြုခဲ့သည်။

လက်နက်ကိုင် အဖွဲ့များတွင် ကလေး သူငယ်များအား တပ်သားအဖြစ် ခေါ်ယူ စုဆောင်ခြင်းမှ ကာကွယ်နိုင်ရန် အရပ်သား ပွဲစားများမှ တစ်ဆင့်သော် လည်းကောင်း သို့မဟုတ် တပ်မတော်သား ကိုယ်တိုင်သော် လည်းကောင်း တပ်သား အဖြစ် ခေါ်ယူ စုဆောင်း အသုံးပြုနေခြင်းကို ပြစ်မှု ကျူးလွန်ခြင်းဟု သတ်မှတ်ပြီး လိုအပ်သည့် ပြစ်ဒဏ် ပေးမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း မီးမောင်း ထိုးပြခဲ့သည်။

အရွယ်မတိုင်မီ စစ်မှု ထမ်းခဲ့သည့် တပ်သား အဖြစ်မှ နှုတ်ထွက်ခွင့် ရခဲ့သည့် ကလေးများနှင့် တွေ့ဆုံရာတွင် အချို့သော ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ခံစားနေရပြီး၊ ကလေး သူငယ်များအား တပ်သားအဖြစ် ခေါ်ယူ စုဆောင်းမှုကို ဖြစ်စေသည့် ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုကြောင်း၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် တိုးမြှင့် လုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေး ပြုလုပ် ရာတွင် ကလေး သူငယ်များအား တပ်သား အဖြစ် ခေါ်ယူ စုဆောင်း အသုံးပြုသည်ဟု သတ်မှတ် ခံထားရသည့် အဖွဲ့ (၇) ဖွဲ့သည် အသက် ၁၈ နှစ်အောက် ကလေး သူငယ်များအား တပ်သားအဖြစ် ခေါ်ယူ စုဆောင်း အသုံးပြုနေမှုကို ရပ်တန့်ရန် လုပ်ငန်း ဆောင်ရွက်မှု စီမံချက် (Action Plan) တွင် ပါဝင်လာရန် မျှော်လင့်သည်ဟု ပြောသည်။

ထို့အပြင် ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေးကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ထည့်သွင်းရန် အရေးကြီးကြောင်း မီးမောင်း ထိုးပြခဲ့သည်။ “ကျွန်မ တောင်းဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခတွင် သက်ဆိုင်သည့် အဖွဲ့များ အားလုံး အသက် (၁၈) နှစ်အောက် ကလေးသူငယ်များအား တပ်သား အဖြစ် ခေါ်ယူ စုဆောင်း အသုံးပြု နေမှုကို ချက်ခြင်း ရပ်တန့်ပါရန် နှင့် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုး တန်ဖိုးထားရာ ရောက်ပါကြောင်း” ပြောသည်။

ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ ကလေးများအပေါ် လက်နက်ကိုင် ပဋိပက္ခ များ၏ အကျိုးသက်ရောက်မှု အခြေအနေကို သိရှိရန် နှင့် မြန်မာ့ တပ်မတော်တွင် ကလေး စစ်သား ခေါ်ယူ စုဆောင်း အသုံးပြုမှုကို အဆုံးသတ်ရန် မြန်မာ အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ကလေး သူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) တို့အကြား ၂၀၁၂ ခုနှစ် က သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် ပူးတွဲလုပ်ငန်း ဆောင်ရွက်မှု စီမံချက် (Joint Action Plan) ၏ အကောင်အထည် ဖေါ်မှု များအား သိရှိ လေ့လာရန် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.