Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်အသစ်များ၏ လျာထားအမည်စာရင်းများ ကြေညာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ၊ ကော်မတီအသစ်များ၏ လျာထားအမည်စာရင်းများကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေးတွင် ကြေညာလိုက်သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်စိုး၊ ဦးတင်မောင်ဝင်းနှင့် ဦးမင်းသိန်း အတွင်းရေးမှူးများအဖြစ် ဦးသာဝင်း၊ ဦးတင်အောင်နှင့် ဦးတင်လှိုင်တို့ကို လျာထားကြောင်း၊ အဆိုပါ လျာထားသူများ၏ အမည်စာရင်းကို သဘာပတိအဖွဲ့က အတည်ပြုပေးခဲ့သည်။

ယခင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် လက်ရှိ ဒုတိယ သမ္မတ ဦးမြင့်ဆွေက တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒထဲတွင် အတိုက်အခံပြုလုပ်ရန် မပါဝင်၍ လက်ရှိအစိုးရအား အတိုက်အခံပြုလုပ်မည် မဟုတ်ဘဲ အံချော်နေလျှင် တည့်မတ်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။

၂၀၁၅အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်ခဲ့ခြင်းမှာ စည်းလုံးမှုအားနည်းခြင်းကြောင့်မဟုတ်ဘဲ အဓိကအကြောင်းအရင်းမှာ ပြည်သူများ၏ ထောက်ခံမှုအကြောင်းကြောင့်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်ခဲ့ပြီး တိုင်းပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များနှင့် လျာထားသည့် တိုင်းပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ အမည်စာရင်းများကို ထုတ်ပြန်ခဲ့သည်။

ယင်း အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊အတွင်းရေးမှူး
များဖြစ်ကြသော ဦးပိုက်ထွေး၊ ဦးမောင်မောင်ဌေး၊ ဗဟိုအလုပ်မှုဆောင် ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊မြို့နယ်များမှကိုယ်စားလှယ်များ တက်ရောက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ပြည့်နှစ် ဇွန် ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပါတီဝင်အင်အား ၉သိန်းကျော်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.