Connect with us

Politics, Law & Military

မြန်မာ – လာအို ချစ်ကြည်ရေး တံတား စီမံခန့်ခွဲမှု ဆိုင်ရာ သဘောတူလက်မှတ်ထိုး

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHTTH တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ – လာအို ချစ်ကြည်ရေး တံတား စီမံခန့်ခွဲမှု ဆိုင်ရာ သဘောတူညီချက်ကို သမ္မတ အိမ်တော်၌ ယနေ့နံနက်ပိုင်းတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့က သမ္မတ နှစ်ဦး၏ ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရောက်ရှိလာသော လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Bounnhang VORACHTTH နှင့် ဇနီးတို့ ဦးဆောင်သည့် လာအို နိုင်ငံခြားရေးဝန်ကြီး နှင့် အဖွဲ့တို့သည် ယနေ့နံနက် ၈ း ၃၀ နာရီတွင် နေပြည်တော်သို့ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် အဖွဲ့နှင့် ဧည့်သည်တော် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီချက် လက်မှတ် ရေးထိုးနေစဉ် (ဆင်ဟွာ)

ဧည့်သည်တော် သမ္မတကြီးနှင့် အဖွဲ့အား သမ္မတ ဦးထင်ကျော်က အိမ်တော်၌ နံနက် ၁၀ း ၀၀ နာရီတွင် ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကာ ၁၀ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၊ သံတမန်ခန်းမ၌ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အဖွဲ့ဝင်များက ဧည့်သည်တော် သမ္မတနှင့် အဖွဲ့အား ၄၅ မိနစ်ခန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြန်မာ – လာအို နှစ်နိုင်ငံအကြား အပြန်အလှန် ဆွေးနွေးမှု၊ လည်ပတ်မှုများနှင့် ပူးတွဲကော်မရှင် အစည်းအဝေးများ ဆက်လက် ကျင်းပသွားရေး၊ လာမည့် စက်တင်ဘာတွင် ပြုလုပ်မည့် နှစ်နိုင်ငံ နယ်စပ်ဒေသ ဗဟို အာဏာပိုင်အဖွဲ့ အစည်းအဝေး ဆက်လက် ကျင်းပရေး၊ နယ်စပ် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ချစ်ကြည်ရင်းနှီးရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ရေး၊ နယ်စပ်ဆိုင်ရာ ကိစ္စများကို ပူးပေါင်း ဆောင်ရွက်ရေး၊ ရာသီဥတုဒဏ်နှင့် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော နယ်နိမိတ် မှတ်တိုင်များအား ပူးတွဲ ပြင်ဆင်ရေး၊ ရန်ကုန် – ဗီယန်ကျင်း၊ လွမ်ပရာဘန် – ပုဂံ တိုက်ရိုက် ပျံသန်းနိုင်မည့် လေကြောင်း ခရီးစဉ်များ ပြန်လည် တည်ထောင်ရေး၊ နှစ်နိုင်ငံအကြား တည်ဆဲ သဘောတူညီချက်များကို ပြန်လည် သုံးသပ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ မြှင့်တင်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာတွင်လည်း အပြန်အလှန် ပံ့ပိုးကူညီသွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံးက ပြောသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးအပြီးတွင် နှစ်ဘက် နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးတို့က မြန်မာ – လာအို ချစ်ကြည်ရေး တံတား စီမံခန့်ခွဲမှု ဆိုင်ရာ စာချုပ်တွင် သဘောတူ လက်မှတ်ထိုး ခဲ့ကြခြင်း ဖြစ်သည်။
လာအို သမ္မတကြီးနှင့် အဖွဲ့အား သမ္မတ ဦးထင်ကျော်က အိမ်တော်တွင် နေ့လယ်စာ တည်ခင်း ဧည့်ခံပြီး နေ့လယ်ပိုင်းတွင် ဧည့်သည်တော် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းအား သွားရောက်တွေ့ဆုံခဲ့ကြသည်။ လွှတ်တော် နာယကက ဧည့်သည်တော်များအား လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ယာဉ်ကျေးမှု အကများဖြင့် ဧည့်ခံခဲ့သည်။
ထို့နောက် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံပြီး ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတ သန္တိ ဘုရားကြီးနှင့် သတ္တဌာန ဘုရားများသို့သွားရောက် ပူဇော်ကာ ညပိုင်းတွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.