Politics, Law & Military
ဝန်ထမ်း ပြောင်းရွှေ့မှုတွင် ဘက်မလိုက်ဘဲ တရားမျှတစွာ ဆောင်ရွက်လျက်ရှိဟု ဝန်ကြီး ပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ ပြောင်းရွှေ့ရာတွင် ဘက်လိုက်မှု မရှိဘဲ တရားမျှတစွာ ပြောင်းရွှေ့ခွင့် ပြုထားသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“လျှောက်ထားသူရဲ့ အသက် (မွေးသက္ကရာဇ်) ၊ လုပ်သက်၊ ပညာအရည်အချင်း၊ လုပ်ငန်းဆိုင်ရာ အထူးကျွမ်း ကျင်မှု နယ်ပယ်၊ ရာထူးနေရာ လစ်လပ်မှု၊ ဝါစဉ် အနေအထား၊ အထူးသက်ညှာ စဉ်းစားရန် အချက်များ စတာတွေကို စေ့စေ့စပ်စပ် သုံးသပ်ပြီးမှ ဘက်မလိုက်ဘဲ တရားနည်းလမ်းကျစွာ ပြောင်းရွှေ့ခွင့်ပြုလျက် ရှိပါသဖြင့် အလုပ်မှ နုတ်ထွက်စာတင်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်းတို့ အလွန်တရာ နည်းကြောင်း ဖြေကြားအပ်ပါတယ်” ဟု ၎င်းက ကြံခင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထွန်းလင်းဦး၏ “ကျန်းမာရေး ဝန်ထမ်းများ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒသည် တရားမျှတမှု ၊ ဘက်လိုက်ခြင်း ကင်းရှင်းမှုရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။
ပြောင်းရွှေ့ရန် အဆိုပြုလာသည့် လျှောက်လွှာများကို စိစစ်ရာတွင် ဝေးလံခက်ခဲသော ဒေသများ၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် အဆိုပါ ဒေသ၏ ဝေးလံ ခက်ခဲသည့် အခြေအနေနှင့် တာဝန်ထမ်းဆောင်သည့် အချိန်ကလပေး မူတည်၍ ၎င်းတို့ကိုယ်တိုင် အဆိုပြုထားသော ဒေသတို့တွင် ဦးစားပေး တာဝန်ချထားပေးပြီး အဆိုပြု နေရာ လစ်လပ်မှု မရှိပါက အနီးစပ်ဆုံးနေရာတွင် ပြောင်းရွှေ့တာဝန်ချထားပေးသည် ဟုလည်း ဝန်ကြီးက ရှင်းပြခဲ့သည်။
သို့ရာတွင် လက်တွေ့၌ အဆိုပါ ဝန်ထမ်း အပြောင်းအရွှေ့ဆိုင်ရာ စည်းကမ်း ဥပဒေများ အတိုင်း တိကျစွာ အကောင်အထည်ဖော်နိုင်မှု အားနည်းနေသဖြင့် တရားမမျှတမှု၊ ဘက်လိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကို မည်သို့ ဆောင်ရွက်ပေးမည်နည်းဟု ကြံခင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထွန်းလင်းဦးက ဆက်စပ် မေးခွန်းအဖြစ် ထပ်ဆင့် မေးခဲ့ရာ ထိုသို့တရားမမျှတသည့်၊ ဘက်လိုက်သည့် လုပ်ရပ်များရှိပါက သက်သေ အထောက်အထားများဖြင့် တင်ပြနိုင်ကြောင်း၊ တင်ပြချက်များ မှန်ကန်မှုရှိ မရှိ စိစစ်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြေကြားခဲ့သည်။ (Xinhua)