Connect with us

Politics, Law & Military

ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခြင်း ဥပဒေ ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

လွှတ်တော်နှစ်ရပ် သဘောကွဲမှုများ ရှိခဲ့သော ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အကြား သဘောကွဲလွဲချက် ရှစ်ခု ရှိခဲ့သည့် အဆိုပါ ဥပဒေကြမ်း တွင် လွှတ်တော်နှစ်ရပ်၏ ပြင်ဆင် အတည်ပြုချက်များ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ပြင်ဆင် ဖြည့်စွက်ချက်များအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြင်ဆင် ဖြည့်စွက်ရသည့် အကြောင်းရင်းများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး ဆန္ဒမဲ ရယူသည့် နည်းဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ဥပဒေကြမ်း၏ ပုဒ်မ ၄(စ)၊ ပုဒ်မ ၁၀ (ည)၊ ပုဒ်မ ၁၀ (ခ)၊ ၁၀ (ဂ)၊ ၁၀ (ဈ)၊ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၂၅ တို့တွင် လွှတ်တော် နှစ်ရပ်တို့သဘောကွဲလွဲခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ပြည်သူ့လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက် ခြောက်ခုနှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက် တစ်ခု တို့ကို သဘောတူခဲ့ပြီး သီးခြားဖြည့်စွက်ချက်တစ်ခုကိုလည်း ပြင်ဆင် အတည်ပြုခဲ့သည်။

“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုရာတွင် သူတစ်ဦးဦးအား ငွေကြေး၊ သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ ပါဝင်စေခြင်း၊ ငွေကြေး၊ သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာ လက်ခံ၍ ပါဝင်ခြင်းတို့ မပြုလုပ်ရ။” ဟူ၍ ပုဒ်မ ၁၀(ဈ) တွင် အမျိုးသား လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့ခြင်းကို ပြည်သူ့ လွှတ်တော်က ထို ပုဒ်မ တစ်ခုလုံးအား ပယ်ဖျက်ထားသော်လည်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီက စာသား အသစ်များ ပြောင်းလဲ ဖြည့်စွက်ခဲ့သည်။

ပြောင်းလဲ ဖြည့်စွက်သည့် စာသားမှာ “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း တို့ ပြုလုပ် စေရန် မရိုး မဖြောင့်သော သဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး၊ သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရ။” ဟု ဖြစ်သည်။ ထိုသို့ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားခြင်း၊ အမျိုးသား လွှတ် တော်က အသစ် ပြင်ဆင် ဖြည့်စွက်ထားခြင်းတို့အပေါ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) မှ ဦးလှဦး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ ဦးတင်အောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဌေးဦးတို့က ကန့်ကွက် ဆွေးနွေးခဲ့ကြ သည်။

ပြည်သူ့လွှတ်တော်က ထိုပုဒ်မကို ပယ်ဖျက်ထားခြင်းအပေါ် “ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံနဲ့အာဏာနဲ့ လူတွေကို ခိုင်းစားနေတာကို မျက်ကွယ်ပြုပြီး ဒီပုဒ်မကို ဖြုတ်လိုက်ရင် သစ္စာဖောက်တွေ ဖြစ်သွားမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ကန့်ကွက် ဆွေးနွေးခဲ့သည်။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီကလည်း အမျိုးသား လွှတ်တော်က အတည်ပြုထားသည့် စာသားကို ပြင်ဆင်ရခြင်းနှင့် ပတ်သက်ပြီး “ငွေ သို့မဟုတ် ပစ္စည်း ပေးခြင်း၊ ယူခြင်း လို့သုံးထားရင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာမှာ အဝေးက လာရသူတွေကို ခရီးစရိတ်ပေးရတာ၊ ရင်ထိုး ပစ္စည်းပေးရတာတွေ ရှိနိုင်တော့ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်း မပြုရလို့ပြင်ဆင်ရတာပါ” ဟု ရှင်းပြခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးကမူ ထိုကွဲလွဲသော ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်၏ သဘောထားကိုသာ ခံယူပါမည်ဟု ပြောခဲ့သည်။

ထိုပု်ဒမ ၁၀ (ဈ)အတွက် ဆန္ဒမဲ ရယူသည့်အခါ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ ပြင်ဆင် အတည်ပြုချက်ကို ထောက်ခံမဲ ၂၂၅ မဲ၊ ကန့်ကွက်မဲ ၁၆၀၊ ကြားနေ ၁၆၁ မဲရရှိခဲ့သည်။ယနေ့ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒမဲ ရလဒ်တို့တွင် ပွတ်ကာသီကာ အနိုင်ရခြင်း၊ ကြားနေမဲများ ပုံမှန် ထက် များနေခြင်းတို့ ရှိခဲ့သည်။ “ယာဉ်များ၊ လမ်းသွား လမ်းလာ ပြည်သူများကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တမင် တားဆီး ပိတ်ဆို့ခြင်း မပြုလုပ်ရ။” ဟူသည့် ပုဒ်မ ၁၀(ဂ) ပါ စာသားကို ပြင်ဆင်ရန် မဲခွဲသည့်အခါ ထောက်ခံမဲ ၁၉၆၊ ကန့်ကွက်မဲ ၁၉၀ နှင့် ကြားနေမဲ ၁၆၇ မဲဖြင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်က အနိုင်ရခဲ့သည်။

ထိုသို့လွှတ်တော် နှစ်ရပ် သဘောကွဲလွဲချက်အားလုံးကို ဆန္ဒမဲ ရယူ ဆုံးဖြတ်အပြီးတွင် ပြည်ထောင်စု လွှတ်တော်က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောခဲ့သည်။ “သဘောကွဲလွဲချက်အားလုံးကို ဆန္ဒမဲနဲ့ အတည်ပြု ပေးလိုက်တာဖြစ်လို့ လွှတ်တော် နာယကက ဒီဥပဒေကို အတည်ပြုလိုက်ပြီ လို့ မပြောပေမယ့်လည်း ဒါက အတည်ပြုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်” ဟု နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ဖြိုးဇေယျာသော်က ဆင်ဟွာကို ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.