Connect with us

Politics, Law & Military

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ရန် ပြည်သူ့လွှတ်တော်က ဆွေးနွေးမည်

ပြည်သူ့လွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ကျစ်လျစ်စွာ ဖွဲ့စည်းပြီး လိုအပ်ပါက တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတော်၏ ဘတ်ဂျက် အသုံးစရိတ်များကို ချွေတာရန် ရည်ရွယ်ချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်သွင်းခဲ့ရာ လွှတ်တော်က ဆွေးနွေးရန် လက်ခံခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းရာ၌ မူလ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပါရှိသည့် “ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့့််စုံသည့် အဖွဲ့ဝင် ငါးဦးစီကို—–” ဟူသည့် စကားရပ်တွင် “ငါးဦးစီထက် မပိုသော အဖွဲ့ဝင်များကို” — ဟူသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင် ဆောင်ရွက် ခြင်း အားဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် မိမိ တာဝန်များကို ကျစ်လျစ် သိပ်သည်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သလို နိုင်ငံတော် ၏ လိုအပ်ချက်အရ အဖွဲ့ဝင် ၁၅ ဦးထက် မပိုသော၊ ၁၅ ဦးအောက် လိုအပ်သော အရေအတွက်ဖြင့်သာ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းဖြင့် နိုင်ငံတော်၏ ဘတ်ဂျက် အသုံးစရိတ်များကိုလည်း ခြိုးခြံ ချွေတာရာ ရောက်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ထိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လေ့လာ တွေ့ရှိ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှု ကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုပြီးပါက ယခင်က အဖွဲ့ဝင် ၁၅ ဦးရှိခဲ့သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အဖွဲ့ဝင် ကိုးဦး၊ သို့မဟုတ် ထို့ထက် လျော့ပြီး အဖွဲ့ဝင် သုံးဦးမျှဖြင့် ဖွဲ့စည်းကာ အသုံးစရိတ် ချွေတာနိုင်တော့မည် ဖြစ်သည်။ ထိုသို့ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပြင်ဆင် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေလ ၂၄ ရက် အင်္ဂါနေ့ထက် နောက်မကျဘဲ လွှတ်တော်ရုံးသို့အမည်စာရင်း တင်သွင်းကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့သဖြင့် လာမည့် သီတင်းပတ်အတွင်းမှာပင် ဆွေးနွေးအတည်ပြုနိုင်မည်ဟု ခန့်မှန်းထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.