Politics, Law & Military
အစိုးရ၏ စတုတ္ထတစ်နှစ်တာအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ပေးပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် ရရှိ

နေပြည်တော်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)
ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့သော မိသားစု လွှဲပို့ ငွေ ပမာဏမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းအရ ၂၀၁၉ ဧပြီလမှ ၂၀၂၀ မတ်လအထိ၊ အစိုးရ၏ စတုတ္ထ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် (၁၁၀၆ ဒသမ ၉၄၇ သန်း) ရရှိခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်က ယမန်နေ့ ညနေပိုင်းတွင် ကျင်းပသော နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
အဆိုပါ ပြန်လည် ပေးပို့ငွေများမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၅၇၈, ၀၀၀ တို့ထံမှ အမေရိကန်ဒေါ်လာ ၂၅၈ သန်းကျော်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၃၇၀၀ကျော် ထံမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၉၁ သန်း၊ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၃၅, ၃၀၀ ကျော်ထံမှ အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၅၁၄ သန်း၊ အခြားနိုင်ငံများ ရောက် မြန်မာနိုင်ငံသား ၆၄၅, ၀၀၀ ကျော်တို့ထံမှ အမေရိကန်ဒေါ်လာ ၆၆၆ ဒသမ ၈၂၇ သန်းတို့ ဖြစ်သည်ကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်စာရင်းများအရ တွေ့ရှိရကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။
“ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးခဲ့ရာမှာ ၂၀၁၉ ဧပြီလမှ ၂၀၂၀ မတ်လ၊ စတုတ္ထ တစ်နှစ်တာအတွင်း ပြည်ပနိုင်ငံ ကိုးနိုင်ငံ (မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်) တို့သို့ မြန်မာ အလုပ်သမား သုံးသိန်း သုံးသောင်း ကျော်(၃၃၄, ၃၀၄ ဦး) စေလွှတ်နိုင်ခဲ့ပါတယ်၊ ပြည်တွင်းမှာ အလုပ်သမား မှတ်ပုံတင်သူ စုစုပေါင်း ၁၄ သိန်းကျော် (၁, ၄၇၄, ၇၁၁ ဦး) ရှိတဲ့အထဲမှာ ပြည်တွင်း အစိုးရ ဌာနများအတွက် တစ်သောင်း နှစ်ထောင်ကျော်(၁၂, ၅၅၃ ဦး)၊ ပုဂ္ဂလိက ကဏ္ဍ အတွက် သုံးသိန်း နှစ်သောင်းကျော် (၃၂၂, ၂၈၉ ဦး) ၊ စုစုပေါင်း သုံးသိန်း သုံးသောင်း လေးထောင်ကျော်(၃၃၄, ၈၄၂ ဦး) တို့ကို အလုပ်ရရှိစေခဲ့ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် မြို့ ရှစ်မြို့၌ အလုပ်အကိုင် ပြပွဲ ဆယ်ကြိမ် ကျင်းပခဲ့ရာ ၂, ၄၀၂ ဦးတို့အား အလုပ်ရရှိစေခဲ့ကြောင်း၊ အကျုံးဝင် အလုပ်ဌာနနှင့် အလုပ်သမားများ မှတ်ပုံတင်ခြင်း အခြေအနေမှာ စတုတ္ထ တစ်နှစ်တာအတွင်း ပြည်သူပိုင် အလုပ်ဌာန ၁, ၉၅၁ ခုတို့မှ အလုပ်သမား ၁၄၄, ၂၉၀ ဦး၊ သမဝါယမပိုင် အလုပ်ဌာန ၃၈၄ ခုမှ အလုပ်သမား ၄, ၉၇၀ ဦး၊ ပုဂ္ဂလိကပိုင် အလုပ် ဌာန ၃၁, ၉၆၇ ခုမှ အလုပ်သမား ၁, ၃၁၃, ၀၉၉ ဦး၊ ဖက်စပ် အလုပ်ဌာန ၁၀၇ ခုမှ အလုပ်သမား ၃၁, ၅၃၈ ဦး၊ အခြား အလုပ်ဌာန ၆၅၁ ခုတို့မှ အလုပ်သမား ၁, ၇၁၁ ဦး ရှိခဲ့ရာ အလုပ်ဌာန စုစုပေါင်း ၃၅, ၀၆၀ ခုတို့မှ အလုပ်သမား စုစုပေါင်း ၁, ၄၉၅, ၆၀၈ ဦးတို့ ဖြစ်ကြောင်း၊ ယခင် တတိယ တစ်နှစ် တာနှင့် နှိုင်းယှဉ်ပါက အလုပ်ဌာန ၂၇၆၀ ဌာနနှင့် အလုပ်သမား ၁၉၀, ၇၅၃ ဦးတို့ တိုးတက် မှတ်ပုံ တင်နိုင်ခဲ့ကြောင်း၊ အလုပ်ရှင် အလုပ်သမား အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်း ပေးခဲ့ရာ စတုတ္ထ တစ်နှစ်တာအတွင်း အလုပ်ရှင် အဖွဲ့အစည်း ၂၉ ဖွဲ့၊ အလုပ်သမား အဖွဲ့အစည်း ၃,၀၂၀၊ စုစုပေါင်း ၃,၀၄၉ ဖွဲ့တို့ကို ဖွဲ့စည်းပေနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)