Connect with us

Politics, Law & Military

အစိုးရ၏ စတုတ္ထတစ်နှစ်တာအတွင်း နိုင်ငံခြား ခရီးသည်များမှ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၆ သန်းခန့်ရရှိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံခြား ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနသည် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများအတွက် ပြည်ဝင်ဗီဇာ ဆိုင်ရာ ဌာနအနေဖြင့် ဆောင်ရွက်ခဲ့ရာ အစိုးရ၏ စတုတ္ထ တစ်နှစ်တာအတွင်း နိုင်ငံခြားသား ဆယ်သိန်း နှစ်သောင်းကျော်ထံမှ ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၆ သန်းကျော် ရရှိခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ယနေ့ ညနေပိုင်းတွင် ကျင်းပသော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက် ချက်များနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နိုင်ငံပေါင်း ၅၅ နိုင်ငံကနိုင်ငံသားများအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုမှာ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ခွင့်ပြုပေးလျက်ရှိပြီး ယခုနှစ်အတွင်း နိုင်ငံ ၁၃ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်တွေကို ထပ်မံ ခွင့်ပြုပေးခဲ့ပါတယ်၊ e-Visa(Tourist) ကမ္ဘာလှည့် ဗီဇာဖြင့် နိုင်ငံပေါင်း ၁၀၀ နှင့် e-Visa(Business) လုပ်ငန်းဖြင့် ၅၅ နိုင်ငံကိုခွင့်ပြု ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ဆိုက်ရောက်ဗီဇာမှ နိုင်ငံခြားသား ခရီးသည် ၄၉၇၈၉၃ ဦးထံမှ အမေရိကန်ဒေါ်လာ ၂၄, ၆၇၃, ၄၃၀၊ Online e-Visa မှ နိုင်ငံခြားသား ခရီးသည် ၅၂၉၇၇၈ ဦးထံမှ အမေရိကန်ဒေါ်လာ ၂၁, ၇၈၁, ၀၀၄ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား တိုင်းဒေသကြီး ပြည်နယ်များရှိ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး ၁၇ ရုံးနှင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း မြို့တို့ရှိ ရုံးခွဲများတွင် စိစစ်ပေးလျက်ရှိရာ စတုတ္ထ တစ်နှစ်တာ ကာလအတွင်း အမျိုးသား ၃၆၈, ၈၁၁ ဦး၊ အမျိုးသမီး ၂၆၈, ၆၈၈ ဦး၊ စုစုပေါင်း ၆၃၇, ၄၉၉ဦးတို့ကို စိစစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အမည်မည်း စာရင်း(Black List) ဖြေလျှော့ ဆောင်ရွက်ပေးရာတွင် အစိုးရသစ် တာဝန်ယူစဉ် ကာလအတွင်း မြန်မာနိုင်ငံသား ၃၃၅ ဦးနှင့် နိုင်ငံခြားသား ၄၆၉ ဦးတို့ကို ပယ်ဖျက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသား အဖြစ် ပြန်လည် ခံယူခွင့်ပြုရေးအတွက် ၂၀၁၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအထိ လျှောက်ထားသူ ၄၈၉ ဦး ရှိပြီး ၃၀၆ ဦးအား ခွင့်ပြုပေးနိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ လျှောက်ထားသူစုစုပေါင်း ၆၈၆ ဦး ရှိပြီး ၆၁၇ ဦးအား ခွင့်ပြုပေး၍ ၅၉၀ ဦးကို နိုင်ငံခြား သား အမြဲ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ် စွန့်ခွာသူများအား ပြန်လည် စိစစ် လက်ခံရေး လုပ်ငန်းစဉ်၌ အခြား ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေး အတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် UNDP, UNHCR တို့အကြား ဒုတိယ အကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လ (၆) ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ (၅) ရက်နေ့အထိ တစ်နှစ် သက်တမ်းတိုး ဆောင်ရွက်နိုင်ရန် Exchange of Letter ကို ၂၀၂၀ ပြည့်နှစ် မေလ (၁၁) ရက်နေ့တွင် သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117