Politics, Law & Military
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်း
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဥက္ကဋ္ဌ အဖြစ်ဒုတိယ သမ္မတ (၂) အပါအဝင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်း လိုက်သည်။
အဆိုပါ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင် စေရန်၊
ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် (Rapid Response) စီမံပေးရန်၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရေး စီမံပေးရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးသွားရန် ဖြစ်သည်။
ယင်း လုပ်ငန်းကော်မတီ တာဝန်များသည် လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်၊ မီဒီယာဖြင့် သွေးထိုး လှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်း တုံ့ပြန်ရန်၊ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများဖြင့် အထွေထွေဆန္ဒပြမှု အသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်မှုဖြင့် ချေဖျက်ရန်၊ ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရန် သတင်းရရှိရေးအပြင် ဆန္ဒပြ ဆူပူ အကြမ်းဖက်နေစဉ်ကာလ လှုပ်ရှားမှု သတင်းမှန်သမျှကို ရယူမှတ်တမ်း တင်ပြ ထားပြီး မမှန်မကန် ဝေဖန် ထိုးနှက်မှုများ ရှိပါက ထုတ်ဖော် တုံ့ပြန်ရန်၊ ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ် ထိန်းသိမ်းနိုင်မည့် စီမံ ခန့်ခွဲမှုများကို ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အသေးစိတ် ညှိနှိုင်း၍ စီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန်၊ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ရာတွင် လိုအပ်ပါက အခြား ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေါ်ယူညှိနှိုင်း ဆောင်ရွက်ရန်နှင့်
လိုအပ်သည့် ကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။ (Xinhua)