Politics, Law & Military
ကျောက်တန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် (ငွေကျပ်သိန်း ၃၀ ကျော်ဖိုး) သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်၊ ၁၁၀၀ အချိန် ကျောက်တန်းမြို့နယ် အစဲကျေးရွာနေ သန်းလှိုင် (၄၂)နှစ် သည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ ၃၁၅ ရွက်အား လာရောက်အပ်နှံခဲ့ရာ အဆိုပါငွေများမှာ အတုများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဘဏ်မန်နေဂျာ မှ ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
သန်းလှိုင်အား စစ်မေးရာ ယောက္ခမဖြစ်သူ ဦးဘိုစန်း(၇၃)နှစ် မှ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ပေးဆပ် ရန်ရှိသော အကြွေးငွေ အရင်းအတိုး(၃,၁၁၀,၅၅၀ကျပ်)အား အဆိုပါ ငွေစက္ကူအတုများဖြင့် လာရောက် ပေးဆပ်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၁၆း၀၀နာရီ အချိန်တွင် သန်းလှိုင် နှင့် ငွေစက္ကူအတုပြုလုပ် သူ(စိစစ်ဆဲ)တို့အား ကျောက်တန်းမြို့မရဲစခန်း မှ (ပ)၃၇/၂၀၁၈ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါငွေစက္ကူအတုများအား မှုခင်းရဲတပ်ဖွဲ့မှ ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောခြင်း၊ အစစ်ထက် အလျားနှင့် အနံ ၁ မီလီမီတာ တိုခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်းတို့အား တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)