Politics, Law & Military
ကွန်ဒိုမီနီယံ ဥပဒေအတွက် နည်းဥပဒေများ တစ်လအတွင်း ထုတ်ပြန်နိုင်မည်ဟု ဆို
နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
စုပေါင်းပိုင် အဆောက်အအုံတွင် နိုင်ငံခြားသားများ အခန်းဝယ်ယူခွင့် ရရှိစေမည့် Condominium Law အတွက် လိုအပ်နေသော နည်းဥပဒေကို နောက်ထပ် အချိန် တစ်လမကျော်မီ ပြဌာန်းနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။
“ကွန်ဒိုမီဒီယံ ဥပဒေအရ ဒီ စုပေါင်းပိုင် အဆောက်အအုံမှာ အခန်း တစ်ရာရှိရင် နိုင်ငံခြားသားက အခန်း လေးဆယ် ဝယ်ခွင့်ရမယ်၊ သို့သော် မူရင်း ဥပဒေတစ်ခုမှာက နိုင်ငံခြားသားဆိုရင် မြေကို ပိုင်ဆိုင်ခွင့် မရှိပါဘူး၊ ဒါကြောင့် မူရင်း ဥပဒေနဲ့ ကွန်ဒိုမီနီယံ ဥပဒေကို မှန်ကန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ အတွက် ဒီနည်းဥပဒေ မူကြမ်းကို အဆင့်ဆင့် ညှိနှိုင်း ခဲ့ရတာပါ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ ၂၇ – ၆ – ၂၇ ရက်နေ့ မှာ့နောက်ဆုံး ဆွေးနွေးညှိနှိုင်း ပြီးတဲ့ အခါ ၁၁ – ၇ – ၂၀၁၇ နေ့မှာ အတည်ပြုချက် ရခဲ့ပါတယ် ၊ အဲဒါကတော့ နိုင်ငံခြားသားတွေ ဒီကွန်ဒိုမှာ နေထိုင်တဲ့ ကကာလတစ်လျှောက်လုံးတော့ အခန်းကို ပိုင်မယ်၊ သို့သော် ဒီကွန်ဒိုကြီး ပြိုပျက်သွားလို့ရှိရင်၊ သို့မဟုတ် ဖျက်ရတဲ့ အခြေအနေမျိုး ရှိလာရင် သူတို့ ပိုင်ဆိုင်ခွင့် မရှိတော့ဘူး၊ – အဲဒီ အပိုဒ်လေးကို ခြွင်းချက်အဖြစ် ထည့်လိုက်တဲ့ အတွက် ပြေလည်မှု ရသွားပါတယ်၊ အဲဒီအပိုဒ်လေးပေါ်မှာ တစ်နှစ်လောက် ဆွေးနွေး ငြင်းခုံခဲ့ကြရ လို့ကြာခဲ့ တာပါ၊ အခု ပြင်ဆင်ပြီး ပြန်ပို့ထားတဲ့ အချက် ခုနစ်ချက်ကို ရှေ့နေချုပ်ရုံးက အတည်ပြု လိုက်တာနဲ့ နောက်ထပ် တစ်လ မကျော်ခင်မှာ အတည်ပြု ပြဌာန်းနိုင်ပါမယ်” ဟု ၎င်းကေ ပြာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၏ “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော ဆောက်လုပ်ရေး လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြေလျော့စေရန်နှင့် လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဖွံ့ဖြိုး လာစေရန်အတွက် စုပေါင်းပိုင် အဆောက်အအုံ (Condominium) ဆိူင်ရာ နည်းဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းအား ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေး၌ ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)