Politics, Law & Military
ချင်းပြည်နယ် တွန်းဇံ မြို့နယ် အတွင်း ဘိန်းခင်းများအား စစ်ကြောင်း သုံးကြောင်းဖြင့် ကွင်းဆင်း ရှာဖွေ ဖျက်ဆီးခြင်းများ ဆောင်ရွက်

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း သုံးကြောင်းဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ကွင်းဆင်း ရှာဖွေ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ထိုသို့ ကွင်းဆင်းရှာဖွေဖျက်ဆီးရာတွင် အမှတ်(၁)စစ်ကြောင်းသည် ဆဲနမ်အုပ်စုကို အခြေ ပြု၍ ကွင်းဆင်းရှာဖွေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်း ငါးဧက၊ အန်းလွန်အုပ်စုကို အခြေပြု ရှာဖွေရာတွင် စိုက်ပျိူးထားသော ဘိန်းခင်း ဧက ၂ဝ စုစုပေါင်း ၂၅ ဧက ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထို့အတူ အမှတ်(၂)စစ်ကြောင်းသည် လုံတပ်အုပ်စုကို အခြေပြု၍ ကွင်းဆင်းရှာဖွေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်း ၁၅ ဧက၊ ဆာလ်ဇန်အုပ်စုကို အခြေပြု၍ ကွင်းဆင်းရှာဖွေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်း ငါးဧက စုစုပေါင်းဧက ၂ဝ ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ကြောင်း နှင့် အမှတ်(၃)စစ်ကြောင်းသည် ကျီခါးမြို့ ဆွောင်းဇန်အုပ်စုကို အခြေပြု၍ ကွင်းဆင်း ရှာဖွေရာတွင် စိုက်ပျိုးထားသော ဘိန်းခင်း ၁၁ ဧက ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။(Xinhua)