Politics, Law & Military
တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၃၀ ရက်)၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။
COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ နိုင်ငံတော်တွင် COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများ နေ့စဉ်တိုးပွားလျက်ရှိပြီး နိုဝင်ဘာ ၈ ရက်တွင်လည်း နိုင်ငံတော်အတွက်အရေးကြီးသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့်လည်း COVID- 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင်လည်းကောင်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခဲ့ရာမှ ယခု တစ်လ ထပ်မံ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)