Connect with us

Politics, Law & Military

အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုတွင် ပယ်မဲအဖြစ် မသတ်မှတ်သည့် အချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသည် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များအတွက် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ ကြိုတင်မဲဆန္ဒများ ကောက်ယူပေးလျက်ရှိရာ ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များအား ပယ်မဲအဖြစ်မသတ်မှတ်သည့် အချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အာက်တိုဘာ ၃၀ ရက်ညတွင် ထုတ်ပြန်ခဲ့သည်။ 

ထိုကဲ့သို့ ကြိုတင်ဆန္ဒမဲများရယူရာတွင် ဆန္ဒပြုပြီးဆန္ဒမဲလက်မှတ်များ ထည့်သွင်းသည့်စာအိတ်များကို မဲဆန္ဒရှင်များက လုံခြုံစွာပိတ်ခဲ့မှုမရှိခြင်း၊ အချို့စာအိတ်များကို ကော်သုတ်၍ ပိတ်ရာ၌ ဆန္ဒမဲလက်မှတ်ကို အစွန်းအထင်းဖြစ်ပေါ်နိုင်စေခြင်း၊ တာဝန်ရှိသူက စာအိတ်များကို ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်စုတ်ပြဲမှုဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် အဆိုပါ ဆန္ဒမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း သိရသည်။

ထို့အပြင် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှစ်နှင့်အထက် အသက် အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များ၏ နေအိမ်များသို့သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ရယူရာတွင် ကောက်ယူရမည့် မဲဆန္ဒရှင်အရေအတွက် များပြားခြင်းကြောင့် သတ်မှတ်ထားသော အမှန်ခြစ်တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊ကြိုတင်ဆန္ဒမဲလက်မှတ်ပေါ်တွင် မဲရုံမှူး၏  လက်မှတ် သို့မဟုတ် ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲတံဆိပ်တုံး သို့မဟုတ် တာဝန်ခံ ထုတ်ပေးသူ၏ လက်မှတ်နှင့် အမည်ပါရှိသော ဆန္ဒမဲလက်မှတ်၊လွှတ်တော်အလိုက်ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ်လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ် တို့အားတွေ့ရှိရ သဖြင့် ယင်းဆန္ဒမဲလက်မှတ်များကိုလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ဆန္ဒမဲများ ကောက်ယူပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲရုံများအလိုက် ထားရှိသော ချိပ်ပိတ်ထားသည့်ကြိုတင်ဆန္ဒမဲပုံးအတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ရဲလုံခြုံရေး အစောင့်အရှောက်ဖြင့် ထိန်းသိမ်းထားရှိသော မဲရုံအလိုက်ချိပ်ပိတ်ထားသည့် ကြိုတင်ဆန္ဒမဲပုံးများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် သတ်မှတ်ထားသည့်နေရာမှ စောင့်ကြပ်ကြည့်ရှုလေ့လာနိုင်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။  (Xinhua)