Politics, Law & Military
ဒေါ်လာ ၁၈၅ ဒသမ ၅ သန်းနှင့် ယူရို ၂၅ သန်း ချေးရန် လွှတ်တော် အတည်ပြု
နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဝန်ကြီးဌာန သုံးခုတို့အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB နှင့် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ AFP တို့ထံမှ ချေးငွေ ဒေါ်လာ ၁၈၅ ဒသမ ၅ သန်းနှင့် ယူရို ၂၅ သန်း ရယူရန်နှင့် စပ်လျဉ်းပြီး ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
စက်တင်ဘာ ၁၆ ရက် ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြရာ ချေးငွေများကို အသုံးပြုရာတွင် တာဝန်ယူ တာဝန်ခံသည့် ပွင့်လင်း မြင်သာ ရှိမှု၊ လုပ်ငန်းတစ်ခုကို မဆောင်ရွက်မီ ကြိုတင်ပြီး စေ့စေ့ စပ်စပ် လေ့လာထားရန် လိုအပ်မှု၊ ဆောင်ရွက်ခဲ့သည့် ယခင် လုပ်ငန်းစဉ်အဆင့်ဆင့်၌ အားနည်းချက်များ ရှိခဲ့လျှင် အမှန်တကယ် အချိန်မီ ပြုပြင် ဆောင်ရွက်ရန် တိုက်တွန်းမှု၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရေးနှင့် ဒေသခံ ပြည်သူတို့အမှန်တကယ် အကျိုးဖြစ်ထွန်းရေးကို တွက်ချက် ဆောင်ရွက်မှု၊ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းအတွက် အနှောင် အဖွဲ့များ ကင်းရှင်းမှု၊ အတိုင်ပင်ခံ စရိတ်ပေးကမ်းရမှု စသည့် အချက်များကို လွှတ်တော် ကိုယ်စားလှယ်တို့က ထောက်ပြ ဝေဖန်သည့် အချက်များလည်း ပါဝင်ခဲ့ကြသည်။
ထိုသို့ဆွေးနွေးချက်များအား ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြရာ — စိုက်ပျိုးရေး၊ မွေးမြူရေးနျင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ရေသွင်း စိုက်ပျိုးမှု ဧရိယာအပါအဝင် လယ်ယာ ကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူကလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ချေးငွေ အသုံးပြုမည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအတွက် ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ကြ သည်။
ပညာရေးဝန်ကြီးဌာနအတွက် ဒေါ်လာ ၉၈ ဒသမ ၅ သန်းသည် စီမံကိန်းတစ်ခု ဖော်ပြပြီးမှ ချေးငွေချေးယူခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆ – ၂၀၂၁၊ အလယ်တန်း အထက်တန်း ပညာရေး ကဏ္ဍနှင့် နည်းပညာနှင့် အသက်မွေးပညာရေး လေ့ကျင့်ရေး ကဏ္ဍတို့အတွက် အလွန် အရေးကြီး စီမံကိန်းသာ ဖြစ်ကြောင်းလည်း ဒေါက်တာ မျိုးသိမ်းကြီးက လွှတ်တော်သို့ရှင်းပြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေများကို ယခင်က ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေ တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ရပြီး ယခုအခါ ၂၀၁၆ ဇန်နဝါရီလတွင် ပြဌာန်းခဲ့သည့် ပြည်သူ့ချေးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်၍ ပိုမို ပြည့်စုံပါကြောင်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ်ကလည်း နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုချေးငွေများတွင် အနှောင်အဖွဲ့များလည်း မရှိကြောင်း လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ထိုသို့ ရှင်းလင်း တင်ပြအပြီး အဆိုပါ ချေးငွေ ရယူရေးကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)