Connect with us

Politics, Law & Military

ရန်ကုန် – ဒလ မြစ်ကူး တံတား ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ပြော

ပြည်သူလွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကိုရီးယား – မြန်မာ ချစ်ကြည်ရေး တံတားဟု ခေါ်တွင်သည့် ရန်ကုန် – ဒလ မြစ်ကူးတံတား တည် ဆောက်ခြင်းကို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရပြီးတာနဲ့ အတိုင်ပင်ခံ ကုမ္ပဏီနဲ့ သဘောတူ စာချုပ် ချုပ်ပါမယ်၊ အတိုင်ပင်ခံ ကုမ္ပဏီရဲ့ အသေးစိတ်ပုံစံ (detail design) လုပ်ငန်းက ရှစ်လလောက် ကြာပါမယ်၊ တည်ဆောက်ရေး ကန်ထရိုက် ရွေးချယ်တာကလည်း လေးလလောက်ကြာမြင့်ပါမယ်၊ ကန်ထရိုက်တာ ရွေးပြီးရင် တံတား တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက် သွားမှာပါ၊ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးဖို့စီစဉ်ထားပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။တံတား စီမံကိန်း စတင်နိုင်ရန် အတိုင်ပင်ခံ ကုမ္ပဏီ ရွေးချယ်ခြင်းနှင့် အတိုင်ပင်ခံ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်ပါ အချက်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက ဒလ – ရန်ကုန် တံတား တည်ဆောက်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အား မေးမြန်းခဲ့ခြင်းကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။ မူလက ရေးဆွဲထားသော အဆိုပါ တံတား ဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသည့် 2040 Yangon City Plan နှင့် ဆန့်ကျင်နေပြီး ယာဉ်ကြောကျပ်တည်းမှုများလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် တံတား စီမံကိန်းကို ရပ်ဆိုင်းပြီး နေရာ ပြောင်းရွှေ့ခြင်း၊ မြစ်ဖြတ်ကူး လှိုဏ်ခေါင်း ဖောက်ခြင်းများ ဆောင်ရွက်တော့မည်ဟု သတင်းများပေါ်ထွက်နေခြင်း အတွက်လည်း ဝန်ကြီးက “မူလ စီမံကိန်းအတိုင်း တံတား ဆောက်မယ့် အူလမ်းကြောင်း သုံးခုထဲက ရန်ကုန်ဘက်ကမ်း လမ်းမတော် မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ဒလဘက်ကမ်း ဒလမြို့နယ်။ ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထားတဲ့ လမ်းအူကြောင်းဟာ ထိခိုက်မှု အနည်းဆုံး ဖြစ်လို့အခု ရွေးချယ်ထားပါတယ်၊ တံတားကို တခြားနေရာမှာ ဆောက်ဖို့၊ ဒါမှမဟုတ် မြစ်ကူး လိုဏ်ခေါင်း ဖောက်ဖို့အစီအစဉ် မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။တံတား တည်ဆောက်စဉ်ကာလတွင် ယာဉ်ကြောကျပ်တည်းမှု အနည်းဆုံး ဖြစ်စေရေးအတွက် ကိုရီးယား အတိုင်ပင်ခံ ကုမ္ပဏီနှင့် Traffic management ကို အသေးစိတ် တွက်ချက် ဆောင်ရွက်သွားမည် ဟုလည်း ဝန်ကြီးက ပြောသည်။

ရန်ကုန် မြို့လယ် စီးပွားရေး ဗဟိုကို ရန်ကုန်မြစ် တောင်ဘက် ဒလမြို့သို့တိုးချဲ့ဖော်ထုတ်နိုင်ရေး၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်းမြို့များ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေရန်၊ အနာဂတ်တွင် ရန်ကုန်မြစ်၀ ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လမ်း တံတား အခြေခံ အဆောက်အအုံ ဖြည့်ဆည်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ -၂၀၁၄ ခုနှစ် ယခင် အစိုးရ လက်ထက်တွင် စတင် ရေးဆွဲခဲ့သည့် အဆိုပါ ကိုရီးယား – မြန်မာ ချစ်ကြည်ရေး တံတားအား ကိုရီးယား သမ္မတနိုင်ငံ စီးပွား ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး EDCF ချေးငွေနှင့် မြန်မာနိုင်ငံ အစိုးရမှ ထည့်ဝင်ငွေတို့ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117