Connect with us

Politics, Law & Military

နိုင်ငံခြားသားကလေး မွေးစားခြင်းအပေါ် ပြည်သူတို့ စိုးရိမ်ဖို့မလိုဟု ဆို

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း(၂၀၁၉)တွင် ‘နိုင်ငံခြားသား ကလေးအား မွေးစားမှုကြောင့် ထိုကလေးသည် နိုင်ငံသား၊ သို့မဟုတ်၊ ဧည့်နိုင်ငံသား၊ သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ အဖြစ် မရရှိစေရ’ ဟု ဖော်ပြထားသဖြင့် အများ ပြည်သူတို့ စိုးရိမ်စရာ မလိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ကြမ်းနဲ့ပတ်သက်လို့ ဆန္ဒပြမှုပေါင်း ၂၀ကျော်ဖြစ်နေပြီ ။ အဲ့ဒီ၂၀ ကျော်ဖြစ်နေတဲ့သူတွေကိုလည်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ တချို့သော အဖွဲ့အစည်းတွေကလည်း Statementတွေ ထုတ်တယ်၊ ဒီဟာကိုသေချာဖတ်ပါ။ ဆိုလိုတာက ဒီပုဒ်မတွေမှာ သူတို့ပြောထားတဲ့ ဟာတွေက တလွဲတွေဖြစ်နေတယ်။ ဘယ်လိုတလွဲလဲ ဆိုတော့ ကျွန်တော်တို့ သတင်းစာမှာ စပြီးတော့ ပြည်သူလူထုက ဥပဒေပိုင်းဆိုင်ရာအကြံဉာဏ်ပေးဖို့ တောင်းခံတဲ့ အချိန်မှာ သတင်းစာတွေမှာ ထုတ်ပြန်တယ်။

ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ရှင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

အဲ့ဒီထုတ်ပြန်တဲ့ အချိန်တုန်းက ရေးဆွဲ ထားတဲ့ ပြဌာန်းချက်တွေက အခု ဥပဒေကြမ်းအဆင့် ရောက်လာတဲ့ အချိန်မှာ ဒါမျိုးတွေ မဟုတ်တော့ ဘူး။ ဥပမာ အရမ်းစိတ်ပူနေတဲ့ နိုင်ငံသားဖြစ်မှု ကိစ္စဆိုရင် တည်ဆဲဥပဒေဆိုတာ မပါဘူး၊ ဘာညာနဲ့ ပြောတယ်။ ဒီထဲမှာ တည်ဆဲဥပဒေနဲ့အညီ ဆိုတာ ပါတယ်။ အထူးသဖြင့် စိုးရိမ်နေတဲ့ ကလေးတွေ မွေးစာရင်း ပေးလိုက်တဲ့ကိစ္စရယ်။ မွေးစားလိုက်တဲ့ ကိစ္စရယ်။ အလိုအလျောက် နိုင်ငံသားတွေ ဖြစ်လာမယ် ဆိုတဲ့ စိုးရိမ်ချက်က လုံးဝမဟုတ်ဘူးဆိုတာကျွန်တော်ပြောချင်တယ်” ဟု သမ္မတ အိမ်တော်၌ ယနေ့ ညနေပိုင်း ပြုလုပ်သော သတင်းစာရှင်းပွဲတွင် ၎င်းက ပြောခဲ့သည်။

အဆိုပါ စိုးရိမ် ပူပန်နေသော အဖွဲ့အစည်းများ အနေဖြင့် မွေးစားရင်း၊ မွေးစားခြင်းနှင့် နိုင်ငံသားဖြစ် ခြင်း တို့ကို ရှင်းလင်းအောင် လေ့လာဖို့ လိုကြောင်း၊ အစိုးရက အလေးအနက်ထား လေ့လာ သုံးသပ် ဆောင်ရွက်ထားကြောင်း၊ အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့် ကိစ္စအပေါ် အများပြည်သူ စိုးရိမ်နေသည့် အတိုင်းပဲ နိုင်ငံတော် အကြီးအကဲများကလည်း စိုးရိမ်ပါကြောင်း၊ ထိုကိစ္စအား နိုင်ငံတော် အပိုင်းက အထူး သတိထားပြီး ဆောင်ရွက်နေကြောင်း၊ ထိုကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး အထင်မြင်လွဲမှားနေသည့် သာမန်ပြည်သူများ၏ အမှန်အတိုင်း မသိမှုကိုအခွင့်ကောင်း ယူပြီး နိုင်ငံရေး အသုံးချခြင်း၊ နိုင်ငံရေး အမြတ်ထုတ်ခြင်းများ ဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းပါ စာသားများကို သေချာ ရှင်းလင်းစွာ လေ့လာကြစေလိုကြောင်း လည်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ထိုဥပဒေကြမ်းပါ ကလေးမွေးစာရင်းတွင် `ဤလက်မှတ်သည် နိုင်ငံသား ဖြစ်မှုအတွက်သက်သေခံ အလျဉ်း မဖြစ်စေရ’ဟူ ဖော်ပြထားကြောင်း၊ မွေးစာရင်းသည် ထိုကလေး၏ အခွင့်အရေးများ ကိစ္စ (ပညာရေး၊ ကျန်းမာရေးနှင့် အကာအကွယ်ပေးရေး)အတွက်သာ ဖြစ်ကြောင်း၊ ထို့အတူ မွေးစားခြင်း မှာ မိသားစု ကိစ္စသာ ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်နှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်ကမူ နိုင်ငံ တော် ကိစ္စ ဖြစ်ပြီး ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.