Politics, Law & Military
နေပြည်တော်ကောင်စီနယ်မြေ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ အပါအဝင် စာရွက်စာတမ်းများအား မီးရှို့ ဖျက်ဆီး
နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း
နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် ရှစ်မြို့နယ်၏ ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မဲရုံသုံး အထောက်အကူပစ္စည်းများအား စနစ်တကျ မီးရှို့ ဖျက်ဆီးခြင်းကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးက ယခင်အပတ်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခု သီတင်းပတ်တွင် အားလုံး ပြီးစီးမည် ဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။
“ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ၈၆ (ခ)ပြဌာန်းချက်တွေအရ ကာလ စည်းကမ်းသတ် ကျော်လွန်ပြီး ဖြစ်လို့ အခုလို စနစ်တကျ မီးရှို့ ဖျက်ဆီးရတာပါ၊ နောင်ရွေးကောက်ပွဲတွေမှာ ပြန်ပြီး အသုံးပြုနိုင်မယ့် မင်ခံခွက်၊ ချိတ်တံဆိပ်၊ ချိတ်တော့၊ ဆိုလာ မီးအိမ် စတာတွေကိုကျတော့ ဖျက်ဆီးတဲ့အထဲ မထည့်ဘဲ ဆယ်တင် အဖွဲ့ ဖွဲ့ပြီးအသုံးပြုဖို့ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ကြီးကြပ်မှုနဲ့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအလိုက် အခုလို ဆယ်တင်/ ဖျက်ဆီးရေး အဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွင်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားတဲ့အတိုင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ဆယ်တင်/ဖျက်ဆီးရေးလုပ်ငန်းများတွင် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောင်ပွဲ၌ အသုံးပြုခဲ့သော စာရွက် စာတမ်းများလည်း ပါဝင်ကြောင်း၊ ထိုသို့ ဆန္ဒမဲ လက်မှတ်၊ မဲစာရင်းနှင့် အခြား စာရွက်စာတမ်းများအား ဆယ်တင်/ ဖျက်ဆီး ဆောင်ရွက်မှုများကို စနစ်တကျ ဓာတ်ပုံရိုက်ကူး မှတ်တမ်း တင်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဇန်နဝါရီ ၁၁ ရက်နေ့အရောက် ပေးပို့တင်ပြကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် အဆိုပါ ဆယ်တင်/ ဖျက်ဆီးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။ (Xinhua)