Connect with us

Politics, Law & Military

အီရန်နိုင်ငံတွင် ဖမ်းဆီးခံရသည့် ကိုရီးယားရေနံတင်သင်္ဘောမှ မြန်မာသင်္ဘောသားများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ၊ ဆက်လက်ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်

၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ဗြိတိသျှရေနံတင်သင်္ဘော Stena Impero အား ဟော်မုဇ်ရေလက်ကြား၌ အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်များ၏ စပိဘုတ်များဖြင့် ဝန်းရံထားသည်ကို တွေ့ရစဥ် (ဓာတ်ပုံ- Morteza Akhoundi/ISNA/Handout via Xinhua)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အီရန်နိုင်ငံတွင် ဖမ်းဆီးခံနေရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့်ဆက်စပ်လျက် ထိန်းသိမ်းခံထားရသော မြန်မာသင်္ဘောသား ၁၁ ဦးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဆင်ဟွာသို့ ဇန်နဝါရီ ၈ ရက်တွင်ပြောကြားသည်။

“မြန်မာသင်္ဘောသား ၁၁ ဦး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဒီနေ့အိန္ဒိယမှာရှိတဲ့ မြန်မာသံအမတ်ကြီးက အီရန်သံအမတ်ကြီးနဲ့ သွားတွေ့ပြီးတော့ ထပ်ပြီးဆွေးနွေးတိုက်တွန်းဖို့ရှိတယ်။ အဓိကကတော့ မြန်မာသင်္ဘောသားတွေကို ကောင်းကောင်းမွန်မွန်ထားပေးဖို့နဲ့ ကျန်းမာရေးတွေစောင့်ရှောက်ပေးဖို့အတွက် ပြောမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာသင်္ဘောသားများထိန်းသိမ်းခံရကြောင်း စတင် သိသိချင်း ပြီးခဲ့သည့် ၂ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံတွင်ရှိသော မြန်သံရုံးမှ သံအမတ်ကြီးထံသို့ စာပို့ဆက်သွယ်ခဲ့ကြောင်းဆိုသည်။

“နောက်ပြီး ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုရီးယားသံရုံးနဲ့ လည်း အဆက်အသွယ်လုပ်နေပါတယ်။ ကိုရီးယားဘက်ကိုလည်း တိုက်တွန်းထားပါတယ်။ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတဆင့် အီရန်သံရုံးကို တိုက်တွန်းတာလည်း လုပ်ခဲ့တယ်။ နောက်ထပ်လည်း နယူးဒေလီမှာရှိတဲ့ အီရန်သံအမတ်ကြီးကို မြန်မာသံအမတ်ကြီးကတွေ့ပြီး ထပ်ပြီးဆွေးနွေးဖို့ရှိပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံသားသင်္ဘောသားတွေ လွတ်မြောက်ရေးပေါ့။ အဲဒီသင်္ဘောပေါ်မှာ တခြားနိုင်ငံသားတွေလည်း ပါတယ်လို့ သိရပါတယ်။’’ ဟု ဦးအေးကိုကို ကဆက်ပြောသည်။

“ကိုရီးယားနိုင်ငံဘက်ကလည်း ဖြစ်ဖြစ်ချင်းနောက်တစ်နေ့မှာ အထူးသံတွေ လွှတ်ပြီးတောင်းဆိုတာတွေရှိတယ်။ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းတွေ ဆက်ပြီး ထုတ်ပြန်သွားဖို့ရှိပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် DM Shipping Co., Ltd သင်္ဘောကုမ္ပဏီပိုင် Hankuk Chemi ရေနံတင် သင်္ဘောအား ရေကြောင်းသဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် ရေနံဓာတုထုတ်ကုန်များ သယ်ဆောင်လာမှုဖြင့် အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်များမှ အီရန်ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးခဲ့ရာတွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယားသမ္မတနိုင်ငံမှ သင်္ဘောသားများကို တစ်ပါတည်း ထိန်းသိမ်းထားရသည့် ဖြစ်စဉ်အား သိရှိရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေနှင့် ထိန်းသိမ်းခံ မြန်မာသင်္ဘောသားများ၏ အခြေအနေတို့အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် စုံစမ်းစိစစ်ခဲ့ကြောင်း၊ ထိုသို့စုံစမ်းစိစစ်ခဲ့မှုအရ ယင်းရေနံတင်သင်္ဘောရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများတွင် မြန်မာသင်္ဘောသား(၁၁)ဦး ပါဝင်သည်ကို သိရှိရသဖြင့် ဗန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးများအနေဖြင့် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် အီရန်သံရုံးသို့ ဆက်သွယ်၍ အဆိုပါမြန်မာသင်္ဘောသားများ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်စပ်လျဉ်းသည့်အမှုအခြေအနေအား စုံစမ်းပေးရန်နှင့် ၎င်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရေး သက်ဆိုင်ရာများသို့ တိုက်တွန်းပေးရန် ညွှန်ကြားခဲ့ပြီး၊ သံတမန်နည်းလမ်း မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရေနံတင်သင်္ဘောဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသော မြန်မာ သင်္ဘောသားများနှင့်စပ်လျဉ်း၍ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားသမ္မတနိုင်ငံသံရုံးသို့ ဆက်သွယ်ခဲ့ပြီး၊ သံတမန်နည်းလမ်းမှတစ်ဆင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် ပေးအပ်သွားရန် ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း၊ ထို့ပြင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံဘက်သို့ စုံစမ်းစိစစ်ခဲ့မှုအရ ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာသင်္ဘောသားများ အပါအဝင် ထိန်းသိမ်းခံ သင်္ဘောသား(၂၀)ဦး အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေး သံတမန်နည်းလမ်းမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့အားလုံးသည် ကျန်းမာရေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးကာကွယ် စောင့်ရှောက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည့်အလျောက် ထိန်းသိမ်းခံ မြန်မာ သင်္ဘောသား(၁၁)ဦးအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပြန်လည် လွတ်မြောက်ရေးအတွက် ဗန်ကောက်မြို့နှင့် နယူးဒေလီမြို့ရှိ သက်ဆိုင်ရာ မြန်မာသံရုံးများမှ တစ်ဆင့် အီရန်သံရုံးများသို့လည်းကောင်း၊ မြန်မာနိုင်ငံအခြေစိုက် သက်ဆိုင်ရာ နိုင်ငံခြားသံရုံး များမှတစ်ဆင့်လည်ကောင်း ဆက်သွယ်ညှိနှိုင်းလျက် ထိရောက်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားဝန်ကြီးဌာန က ဇန်နဝါရီ ၇ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)