Politics, Law & Military
နောက်မှ ကျော်တက်သောမော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာအသုံးပြုနိုင်ရေး အသိပေးနှိုးဆော်ချက်ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
နောက်မှ ကျော်တက်သော ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာအသုံးပြုနိုင်ရေး ယာဉ်မောင်းအားလုံးသို့ အသိပေးနှိုးဆော်ချက်ကို အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ ထုတ်ပြန်သည်။
၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်၏ မော်တော်ယာဉ်တွင် တပ်ဆင်ထားသော မီးများ နှင့် ယာဉ်မောင်းသူ၏ လက်ဖြင့် အချက်ပုံများ အခန်း၌ မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း ကို ယာဉ်၏ လက်ယာဘက်မီးဖြင့် အချက်ပြရန် သတ်မှတ်ပြဌာန်းထားကြောင်း၊ ယာဉ်များကျော်တက်ရာတွင် ရှေ့မှယာဉ်သည် နောက်မှကျော်တက်လိုသော ယာဉ်ကို ကျော်တက်နိုင်ကြောင်း၊ ယာဉ်၏လက်ယာဘက်မီးဖြင့် အချက်ပြခြင်းသည် အမှန်ဖြစ်သော်လည်း ယာဉ်မောင်းများ၊ အထူးသဖြင့် ကားကြီးယာဉ်မောင်းအများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ လက်ဝဲမီးဖြင့်သာ အချက်ပြလျက် လွဲမှားစွာ ကျင့်သုံးနေကြောင်း သိရသည်။
ထိုသို့လွဲမှားနေသည့် အတွက် မလိုလားအပ်သော ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကျော်တက်ရန် အချက်ပြမှုအမှန်သို့ ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီးနောက် ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီမှ စ၍ တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်း အားလုံး၌ ယာဉ်မောင်းအားလုံးသည် အမှန်မီးအချက်ပြမှုသို့ တချိန်တည်း၊ တပြိုင်တည်း တပြေးညီ စတင်ပြောင်းလဲကျင့်သုံးကြရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။
ထိုသို့ပြောင်းလဲကျင့်သုံးမှုမတိုင်မီအတွင်း နားလည်မှု လွဲမှားမှုများ ရှိနိုင်သည့်အတွက် မော်တော်ယာဉ် ကျော်တက်မည်ဆိုပါက အခြေအနေအရပ်ရပ်ကို သုံးသပ်၍ အထူးသတိပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယာဉ်မောင်းအားလုံးအနေဖြင့် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်း အားလုံး၌ နောက်မှ ကျော်တက်လိုသော မော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း၊ ယာဉ်၏လက်ယာဘက်မီးဖြင့် မှန်ကန်စွာ အချက်ပြခြင်းကို အလေးထားလိုက်နာကျင့်သုံးကြပါရန် နှင့် ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမှန်သို့တပြေးညီပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်အသိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။ (Xinhua)