Politics, Law & Military
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ နိုင်ငံတော် သမ္မတအဖြစ်သို့
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် နိုင်ငံတော် သမ္မတအဖြစ် မတ်လ ၂၈ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲမှ ရွေးကောက်ခံခဲ့ရပြီ ဖြစ်သည်။
အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ချိန်
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ပါတီစုံ ဒီမိုကရေစီ စနစ်တွင် ဒုတိယအကြိမ် အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ခါနီးအချိန်၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူဦးထင်ကျော်က ဆန္ဒ အလျောက် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီထပ်မံရွေးချယ် တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။
၁၀ ဦးမြောက် သမ္မတ
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် စပ်ရွှေသိုက်ကစတင် တာဝန် ထမ်းဆောင်ခဲ့ပြီးဒေါက်တာဘဦး ၊ မန်းဝင်းမောင် ၊ ဦးနေဝင်း ၊ ဦးစန်းယု ၊ ဦးစိန်လွင် ၊ ဒေါက်တာမောင်မောင် ၊ ဦးသိန်းစိန် ၊ ဦးထင်ကျော် တို့ပြီးနောက် ယခု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ၁၀ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။
သမ္မတအပြောင်းအလဲအပေါ်မျှော်လင့်မှုများ
နိုင်ငံတော် သမ္မတအရည်အချင်း နှင့် ပြည့်စုံမှု ရှိ ၊ မရှိစိစစ်ရေးအဖွဲ့ဝင် ၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၄) ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးအောင်ကြည်ညွန့်က “နိုင်ငံမှာပကတိအခြေအနေဘာရှိလဲဆိုတာအစကနေအဆုံးကိုယ်တိုင် ကျင်လည်လာပြီးသိရှိလာခဲ့တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်တဲ့ အတွက်ကြောင့် အရွေ့တစ်ခုကိုရွှေ့ပြောင်းတဲ့ နေရာမှာဘယ်လိုပုံစံ ၊ ဗျူဟာ မျိုးနဲ့သွားရမယ် ဆိုတာ နိုင်ငံတော်ရဲ့မျက်နှာ ကြည့်ပြီးကောင်းကောင်းနားလည် သဘောပေါက်နိုင်မယ့် လူတစ်ယောက် ဖြစ်တဲ့ အတွက် ပိုပြီးအင်အားကောင်းအောင် ရွှေ့သွားနိုင်မယ်လို့ယုံကြည် မျှော်လင့်ပါတယ်။”ဟု နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲအပြီး သတင်းထောက်များအားပြောကြားခဲ့သည်။
ဦးဝင်းမြင့်သည် နိုင်ငံရေးလောကထဲတွင် အစအဆုံးကျင်လည် လာခဲ့ရသည့် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ပို၍ ထက်ထက်မြက်မြက် လုပ်လာနိုင်မည် ဆိုသည်မှာအငြင်းပွားစရာမရှိအောင် ပေါ်လွင်သည်ဟုယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက “ဦးဝင်းမြင့်က လွှတ်တော် သက်တမ်းတစ်လျှောက်မှာစေတနာကပေါ်လွင်ပါတယ်။ သူ့ရဲ့ စေတနာကလဲ ပြည်သူလူထုအပေါ်မှာအများကြီးထင်ဟပ် စေခဲ့တဲ့ အတွက် သူဟာတိုင်းပြည် အတွက် ကောင်းတဲ့ အပြောင်းအလဲတစ်ခုကရှိသွားနိုင်ပါတယ်။ ဥပဒေပြုတဲ့ အပိုင်းကနေလုပ်ဆောင်နိုင်သမျှကို သူတော်တော်များများလုပ်ဆောင်ခဲ့တယ်။ အခုကဒီထက်ပိုပြီးလုပ်ပိုင်ခွင့် ရလာတဲ့ အပေါ်မှာသူပိုပြီးတော့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ယူဆပါတယ်။”ဟုဆင်ဟွာသို့ပြောကြားခဲ့သည်။
ဦးဝင်းမြင့်သည် ကျရာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး ၎င်း၏ အရည်အချင်း နှင့် တာဝန် ကျေပွန်မှု အပေါ်တွင် လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ တဆင့် သမ္မတအဖြစ် ယုံယုံကြည်ကြည် ထိုက်တန်စွာရရှိလာခဲ့သူ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှု
ဦးဝင်းမြင့်၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၂ နှစ်ကျော် သက်တမ်းအတွင်းလွှတ်တော် ပုံမှန် အစည်းအဝေး ၇ ကြိမ်ထိကျင်းပ နိုင်ခဲ့ပြီး ၆ ကြိမ်မြောက် အစည်းအဝေး အထိစုစုပေါင်းဥပဒေကြမ်း ၄၉ ခုအထိအတည်ပြုနိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စဉ် ကာလအတွင်းအရေးကြီးသောအဆိုများ ၊ မေးခွန်းများတင်သွင်းဆွေးနွေးခြင်းများအား ပြုလုပ်နိုင်ခဲ့သည့် အပြင် အတည်ပြုနိုင်ခဲ့သည့် ဥပဒေကြမ်းများအနက် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကြမ်းကိုအတည်ပြုနိုင်ခဲ့ ကြောင်းသိရသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူကိုအကျိုးပြုသည့် ဒေသဖွံ့ဖြိုးရေး နှင့် လယ်ယာမြေ နှင့် အခြားမြေများ ပြန်လည် စိစစ်ရေးစသည့် လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ကြရန် အမြဲတိုက်တွန်းသူတစ်ဦးလည်း ဖြစ်သည်။
ပါတီတာဝန်ထမ်းဆောင်မှုနှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မှု
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသူ ဦးဝင်းမြင့်သည် ၁၉၅၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူ မြို့နယ် အတွင်းမွေးဖွားခဲ့ပြီးအသက်အားဖြင့် ၆၇ နှစ် ရှိကာပညာအရည်အချင်းအားဖြင့် B.Sc,H.G.P.,R.Lရရှိထားသူ ဖြစ်သည်။ထို့နောက်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တွင် ဓနုဖြူ မြို့နယ် စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး ၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး ၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဦးဝင်းမြင့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာသည့် ရွေးကောက်ပွဲများအနက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မြို့ နယ်မှလည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တာမွေမြို့နယ်မှ လည်းကောင်းအနိုင်ရရှိခဲ့သူ ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်းစတင်ချိန်တွင် တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ ရသူ ဖြစ်ပြီး နိုင်ငံတော် သမ္မတရာထူးမှ ဦးထင်ကျော် နုတ်ထွက်ခဲ့ချိန် နှင့် တစ်ရက် တည်းမှာပင် ဦးဝင်းမြင့်သည် ၎င်း၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခဲ့သည်။
သမ္မတအဖြစ် အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခံရခြင်း
နိုင်ငံတော် သမ္မတရာထူးမှ နုတ်ထွက်သွားသည့် ဦးထင်ကျော်သည် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ် တင်မြှောက်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ ပြန်လည် ရွေးချယ် တင်မြှောက်ခဲ့ရာတွင်မတ်လ ၂၁ ရက်နေ့၌ ဒုတိယသမ္မတလောင်းအဖြစ် တာမွေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အားမရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ မေဝင်းမြင့်က တင်သွင်းခဲ့ပြီးသရက်ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးကထောက်ခံခဲ့သည်။
ဒုတိယသမ္မတလောင်းအမည်စာရင်းတင်သွင်းရာ ပြိုင်ဘက်နှစ်ဦးရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခဲ့ရာ ဦးဝင်းမြင့်သည် ထောက်ခံ ဆန္ဒမဲအများဆုံးဖြင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထို့နောက် မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်သော နိုင်ငံတော် သမ္မတရွေးကောက် တင်မြှောက် ပွဲတွင် ဦးဝင်းမြင့် နှင့် အတူ လက်ရှိတာဝန် ထမ်းဆောင်လျက် ရှိသောဒုတိယသမ္မတ ၂ ဦးတို့အားဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်ကြရာ ဦးဝင်းမြင့်သည် ဆန္ဒမဲ၄၀၃ မဲဖြင့် အများဆုံးရရှိကာ ဆယ်ဦးမြောက်နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။
လစ်လပ် သွားခဲ့သည့် နိုင်ငံတော် သမ္မတရာထူးနေရာအတွက်ပြုလုပ်ခဲ့သောနိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက် ပွဲသို့မဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၆ ဦးအနက် ၆၃၆ ဦးတက်ရောက်ခဲ့သည်။ (Xinhua)