Politics, Law & Military
မန္တလေးတိုင်းဒေသကြီး ဆားတောင်ဆည်အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် ခရီးသည် ၁၃ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်)အတွင်း စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၃ ဦးသေဆုံး၍ တစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ဆည်အတွင်း ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး စက်လှေပေါ်ပါ ခရီးသည် ၂၄ဦးအနက် ၁၀ဦးအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သဖြင့် ၁၃ ဦး ရေနစ်သေဆုံးပြီး အမျိုးသား တစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ယင်းစက်လှေသည် ဆားတောင်ဆည်အတွင်းရှိ ဗောဓိသစ္စာဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်ရန် သွားရောက်စဉ် ဆည်ဘောင်နှင့် ၂ ဖာလုံခန့်အရောက်၌ စက်လှေသည် လူများ၍ တိမ်းမှောက်သွားခဲ့ပြီး စက်လှေမောင်းသမား ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
စက်လှေတိမ်းမှောက်မှုနှင့် ပတ်သက်ပြီး စက်လှေမောင်းသမားအား နှောကန်နယ်မြေရဲစခန်း(ပ)၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၀ (ပေါ့လျော့မှုကြောင့် လူသေမှု/ ရေယာဉ်အား အရမ်းဦးစီးမောင်းနှင်မှု) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)