Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း အမှု ၉၀၂ မှု အရေးယူခဲ့ပြီး ဖြစ်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲမှူးချုပ်ဆို

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ် ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနား ၌ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင် မှ ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက် အတွင်း အမှုပေါင်း ၉၀၂ မှု အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင်က ယနေ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း ရှင်းလင်းပွဲ၌ ပြောကြားသည်။

အဆိုပါ စီမံချက် စတင်သော မေလ ၁ ရက် မှ မေလ ၂၀ ရက်ထိ ရန်ကုန် တိုင်းဒေသကြီး အတွင်း လောင်းကစားမှု ၉၆ မှု၊ မူးယစ်ဆေး ဖမ်းဆီးရရှိမှု ၁၁၆ မှု၊ ပြည့်တန်ဆာမှု ၈၀ မှု၊ ခြေချုပ် ၅၂ မှု၊ ခိုးမှု မသင်္ကာ ၁၄၄ မှု၊ ရဲအက် ၁၅၀ ၊ ယစ်မျိုး ၁၈၉ မှုနှင့် ဆင်ဆာမဲ့ ဗီဒီယို ၂၀ မှု စုစုပေါင်း ၉၀၂ မှုကို ရက်ပေါင်း၂၀ အတွင်း ကြိုတင် ကာကွယ် အရေးယူနိုင်ခဲ့ပြီး တရားခံ ၈၈၇ ဦး ဖမ်းဆီး အရေးယူထားကြောင်း ၎င်းက ဆိုသည်။

ယခင် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်ထိ ရက်ပေါင်း တစ်ရာအတွင်း အမှုပေါင်း ၅,၉၃၀ မှု အရေးယူ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခု စီမံချက် ကာလ အတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျရေး အတွက် အထူးလုပ်ဆောင်လျက် ရှိပြီး ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လူဦးရေနှင့် တွက်လျှင် ၃ ဆနီးပါး တာဝန် ပိုမို ထမ်းဆောင် နေရကြောင်း ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးမှ ရဲမှူးများ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.