Connect with us

Politics, Law & Military

ပြည်သူများအတွက် ဝန်ဆောင်မှု ပေးနိုင်သော ရဲလုပ်ငန်းစဉ် အဖြစ်ဆောင်ရွက်နိုင်လျှင် ပိုမို ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ထူထောင်နိုင်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆို

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ် ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနား ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ပြည်သူများအတွက် ဝန်ဆောင်မှု ပေးနိုင်သော ရဲလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်လျှင် ပိုမို ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်၊ တရားဥပဒေ စိုးမိုးရေး စနစ်တစ်ခု ထူထောင်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယနေ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း ရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ် ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနား ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)

ဒီမိုကရေစီ နိုင်ငံတစ်ခု ထူထောင်နိုင်ရန် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးကြောင်း၊ လွတ်လပ်ခွင့်သည် ဥပဒေနှင့် အညီ ရှိရမည်ဖြစ်ပြီး ဥပဒေဘောင်ကျော်ပြီး လွတ်လပ်ခြင်းသည် မင်းမဲ့စရိုက် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ပြည်သူလူထု အနေဖြင့်လည်း ဥပဒေ ဘောင်အတွင်း နေထိုင်ပြီး ပူးပေါင်းပါဝင် လုပ်ဆောင်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ရဲတပ်ဖွဲ့ အနေဖြင့်လည်း ပြည်သူများ ပါဝင်လာ နိုင်အောင် အသိပညာပေးရေးများ လုပ်ဆောင်ခြင်းဖြင့် ပြည်သူကို ဗဟိုပြုပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်သော ရဲစနစ် အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းပြောသည်။

ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာ တရားဥပဒေ စိုးမိုးရေးရရှိရန် အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလျက် ရှိရာ တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ် ၄၄ မြို့နယ်၌ ထိရောက်သော တရားဥပဒေ စိုးမိုးရေး ဖြစ်ရေး အတွက် နယ်မြေများကို စိုးမိုးနိုင်ရမည် ဖြစ်ပြီး ပြည်သူများ ဥပဒေနှင့် အညီ နေတက်သော အလေ့အကျင့် ရရှိလာအောင် ပြည်သူများ လိုလားချက်များကို ရဲတပ်ဖွဲ့အနေဖြင့် သိရှိရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနား၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြည်သူများကို ဗဟိုပြုသော ရဲလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကို ဝန်ဆောင်မှု ပေးကာ မှုခင်းများ ဖော်ဆောင်ရာ၌ ပြည်သူများ ပူးပေါင်း ပါဝင်လာအောင် စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ဆိုသည်။

ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်း၊ ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဝင်းနိုင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးမှ ရဲမှူးများ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.