Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ကုလသမဂ္ဂနှင့်အတူတကွ ဆက်လက် ဆောင်ရွက်ရန် ထပ်လောင်း ကတိကဝတ်ပြု

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အခမ်းအနား တစ်ခုတွင် မိန့်ခွန်း ပြောကြားနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ပြည်တွင်းစိန်ခေါ်မှုများ ကြုံတွေ့ နေရသော ဒီမိုကရေစီဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ကုလသမဂ္ဂနှင့်အတူတကွ ဆက်လက်ဆောင်ရွက်ရန် ထပ်လောင်း၍ ကတိကဝတ်ပြုကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၇၄ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသည် ဘက်ပေါင်းစုံ ပါဝင်သော ကိစ္စရပ်များ အတွက် အဓိက အရေးပါသည်ဟု မှတ်ယူကြောင်း ၊ သို့အတွက် ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ နိုင်ငံခြားရေးမူဝါဒ၏ အလေးထားသောနေရာတွင် ထားရှိပါကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလွန် အမင်း ဆင်းရဲမှု၊ ငတ်မွတ်မှု၊ စစ်မက်ပဋိပက္ခများကဲ့သို့သော ပြဿနာ များသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း အင်အားကြောင့် ယခင်က နှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသွားပြီ ဖြစ်ကြောင်း ၊ ထိုအောင်မြင်မှု များသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားထုတ်မှုကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

ယနေ့ ကမ္ဘာကြီးသည် နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရသော ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ၊ ကုလသမဂ္ဂအနေ ဖြင့် ကမ္ဘာတစ်ဝန်း အများရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုအပါအဝင် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော ပြဿနာများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းရာတွင် တစ်နေ့တခြား ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း ၊ ယင်းသို့ ဖြေရှင်းရာတွင်လည်း နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အတူတကွ လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးအတွက် ဖြစ်သည့်အပြင် အဖွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်း နိုင်ရေး အတွက် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို တစ်ပြေးညီ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ၊ အချို့ နိုင်ငံ များ၏ အလိုဆန္ဒနှင့် လျော်ညီစွာ လိုက်ပါဆောင်ရွက်ခြင်းထက် လိုအပ်သည် များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

ကုလသမဂ္ဂအဖွဲ့ အဓွန့်ရှည်တည်တံ့ရန် အတွက် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ အသိုက်အဝန်းအောက်တွင် တူညီသောစံနှုန်းဖြင့် ရပ်တည်ကြရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ ပဋိညာဉ်စာ တမ်းသည် ကျွန်ုပ်တို့ အားလုံးအတွက် လမ်းပြ အဖြစ် တည်ရှိ နေမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။ 

ကုလသမဂ္ဂအဖွဲ့ကြီးအား လွန်ခဲ့သည့် ၇၄ နှစ် ၊ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်တွင် တည်ထောင်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းပြီး တန်းတူညီမျှရရှိသည့် သဘောတရားကို အခြေခံ၍ နိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှု တိုးတက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပြဿနာများအား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများက သန္နိဋ္ဌာန်ချခဲ့ကြကြောင်း သိရသည်။(Xinhua)