Connect with us

Politics, Law & Military

မြောက်ဦးမြို့၌ လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ၇ ဦးသေဆုံး၊၁၂ ဦး ဒဏ်ရာရရှိ

မြောက်ဦးတွင်ဖြစ်ပေါ်သော ရုန်းရင်းဆန်ခတ်မှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြောက်ဦးမြို့အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့က မြောက်ဦးမြို့ အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည် စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့် အညီ အဆင့်ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေး ခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာ များရရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်း အတွင်း ဝန်ထမ်း ဆိုင်ကယ်အချို့ပျက်စီးခြင်း၊ ဌာန ပိုင် မော်တော်ယာဉ် အချို့ပျက်စီးခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများပျက်စီးခြင်း စသည်ဖြင့် ပျက်စီးမှု အချို့ရှိခဲ့ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများ က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း စာပေဟောပြောပွဲပျက်မှုကြောင့် ဇန်နဝါရီ ၁၆ရက်နေ့ ည ၁၀နာရီ ဝန်းကျင်တွင် ထောင်နှင့်ချီ လူအုပ်ကြီးသည် မြောင်ဦးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း၊ ခရိုင်အုပ်ချုပ်ရေးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့ရုံးကို အဆိုပါ လူအုပ်ကြီးက ရန်ပြုမှုများကြောင့် ပစ်ခတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်က ရဲမှူးကြီးတစ်ဦးက ဆင်ဟွာကိုပြောကြားသည်။

“ရဲစခန်းကိုလူတစ်ထောင်ကျော် လာဝိုင်းတယ်၊ အချိန်မရွေး စခန်းကို ဝင်စီးနိုင်တဲ့ အနေအထားမို့

မိုးပေါ်ကို သေနတ်ထောင်ပစ်ပြီး လူစုခွဲဖို့ပြောတယ်၊ လူစုမခွဲဘဲ ပိုဆိုးလာတဲ့အတွက်

ပစ်ခတ်ဖြိုခွင်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.