Connect with us

Politics, Law & Military

မြောက်ဦးမြို့ ဖြစ်ရပ်တွင် ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန် ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိကြောင်း၊ ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း နှင့် တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း ယနေ့ကျင်းပသော ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ရဲချုပ်အောင်ဝင်းဦး တို့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေးစတင်ဖြစ်ပေါ်ခဲ့ကြောင်း။

ည ၈ နာရီခွဲခန့်တွင် နန်းတော်ရာကုန်း၌ လူအင်အား ၅၀၀၀ ခန့် စုဝေး ရောက်ရှိလာခဲ့ကြပြီး ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း “ရခိုင်ပြည်နယ်လွတ်မြောက်ရေး ဒို့အရေး” ဟု အော်ဟစ်ကြွေးကြော်၍ ခရိုင်ရုံး တည်ရှိရာသို့ လမ်းလျှောက် ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ည ၉ နာရီကျော်တွင် အင်အား ၁၀၀၀၀ ခန့် ဖြစ်လာခဲ့ကြောင်း သိရသည်။

ထိုသို့ လူစုလူဝေး ဖြစ်လာခဲ့ခြင်းကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ဥပဒေ အရာရှိတို့သည် လူစုခွဲရန် Hand Speaker များဖြင့် ၁၅ ကြိမ်ခန့် သတိပေးတားမြစ်နေချိန် လုံခြုံရေးတာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင် ၂ ဦးထံမှ သေနတ်အား လူယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက် ဆဲဆို ရန်ပြုလာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခြံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီးပြီး ခရိုင်ရုံးဝင်းအတွင်းသို့ လူစုလူဝေးများ ဝင်ရောက်လာခဲ့ကြောင်း

၊အဆိုပါ အော်ဟစ်ဆန္ဒပြခဲ့ကြသည့် လူစုလူဝေးထဲမှ အချို့သည် ခရိုင်ရုံး နိုင်ငံတော်အလံတိုင်တွင် အသင့်ပါလာသည့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့ကြကြောင်း သိရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြိမ်ကြိမ် သတိပေးတားမြစ်နေချိန်အတွင်း အကြမ်းဖက်လာသည့် လူစုလူဝေးသည် ပိုမို ဆိုးရွားစွာလုပ်ဆောင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူစုလူဝေး အတွင်းသို့ တီ-၅၆ နှင့် ဘီအေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကြောင့် ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)