Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ရန် လျာထားပြီးဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းရှိ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၄၀ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရေလွှဲမြောင်း (Box Culvert) (၃၅)ခု ဆောင်ရွက်ရန် လျာထားတင်ပြထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
အောက်တိုဘာလ ၄ ရက် နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းရှိ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၄၀ ရပ်ကွက်များသည် နှစ်စဉ် ရေကြီးရေလျှံ ဖြစ်လျှက်ရှိသောကြောင့် Box Culvert များကို အမြန်ဆုံး တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဒဂုံမြို့သစ်(တောင်ပိုင်း)အတွင်းရှိ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇၊ ၁၄၀ ရပ်ကွက်များတွင် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် Box Culvert (၃၅)ခု ဆောင်ရွက်ရန် လျာထားတင်ပြထားပြီး ဖြစ်ပါတယ်။ ကျန်ရှိသော Box Culvert များကို ဆက်လက်ပြုပြင်ပေးရန်မှာ နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ရံပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။
ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၏ (၁၃)ရက်မြောက်နေ့ကို လာမည့်၊ အောက်တိုဘာလ(၇)ရက်၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)