Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးရှိ ကား-ရထားဆုံသည့်လမ်းပိုင်းများပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်းလုပ်ငန်းအားဆောင်ရွက်သွားမည်

ရထားလမ်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် ကားလမ်းပိုင်းများ ပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အောက်တိုဘာလ ၇ ရက်  နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် လမ်းများသည် ပျက်စီးယိုယွင်းနေပြီး ဖြတ်သန်းသွားလာနေသော အနိမ့်ကားများမှာ လွန်စွာ အန္တရာယ်ရှိနိုင်ပါသောကြောင့် မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် လမ်းပိုင်းများကို စဉ်ဆက်မပြတ် ပြုပြင်ဖာထေးပေးနိုင်ရန် အစီအစဉ်ရှိ၊မရှိကိုသိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် ကားလမ်းများ ပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေ တင်ပြတောင်းခံထားပြီး ဖြစ်တဲ့အတွက် ဒီ ၂၀၁၉-၂၀၂၀ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီ level crossing ဖြစ်တဲ့ မီးရထားသံလမ်းနှင့် ကားလမ်းတွေ ဖြတ်တဲ့နေရာမှာ ပြင်ရတယ်ဆိုတာ ကျွန်မတို့ နည်းပညာ အတော်လိုအပ်ပါတယ်။ ရထားလမ်းနဲ့ကားလမ်း ဖြတ်သန်းတဲ့နေရာမှာ ကားရထားဆုံသည့်လမ်းပိုင်း  တွေမှာ vibration ဒဏ်ကိုခံနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြင်ဆင်နည်းမျိုးနဲ့ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၉-၂၀၂၀ အတွင်းမှာ ဘဏ္ဍာငွေရရှိတဲ့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။  (Xinhua)